မြောက်ယမားချောင်းဒေသမှာ မုန်တိုင်းဒဏ်သင့်သူချင်းချင်း ဝေမျှစားနေရပြီး အကူညီလိုအပ်

မြောက်ယမားချောင်းဒေသမှာ မုန်တိုင်းဒဏ်သင့်သူချင်းချင်း ဝေမျှစားနေရပြီး အကူညီလိုအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားချောင်းဘေးမှာနေထိုင်တဲ့ ကျေးရွာများစွာက ဒေသခံတွေဟာ မုန်တိုင်းဒဏ်သင့်သူအချင်းချင်း ကူညီဝေမျှစားသောက်နေကြရပြီး အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။


ကျေးရွာတချို့တွင် လက်ရှိအချိန်ထိ ရေတွေကျန်ရှိနေသေးတဲ့အတွက် ဒေသခံတော်တော်များများဟာ နေအိမ်တွေပေါ်မှာ ပြန်လည်နေထိုင်နိုင်ခြင်းမရှိဘဲ နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ နေထိုင်နေရလို့ အခြားကျေးရွာတွေနဲ့ အဖွဲ့အချို့က စားနပ်ရိက္ခာအကူအညီ လာပေးနေရတာလို့ သိရပါတယ်။



“အစားအသောက်ကတော့ လောလောဆယ် အနီးနားရွာကဒေသခံတွေ ထမင်းထုပ်တွေ လာဝေကြတာရှိတယ်။ သပိတ်အဖွဲ့တချို့ကလည်း ဆန်၊ ဆီ၊ ဆားတွေ လာလှူပေးတာတွေရှိတယ်။ လောလောဆယ်ရွာထဲမှာတော့ ရေမရှိတော့ဘူး ရေကကျသွားပြီ။ တချို့ရွာတွေက ရေတင်နေသေးတာမျိုးရှိတယ်။ တချို့အိမ်တွေက ရေကျသွားတော့ ရွာသားတွေက သူတို့အိမ်သူတို့ ပြန်နေကြတာတွေရှိတယ်”
လို့ ယင်းမာပင်မြို့ခံတဦးက ပြောပါတယ်။


ချောင်းရေကျသွားပြီဆိုပေမဲ့လည်း နေအိမ်တွေပေါ်မှာ နုန်းနဲ့အမှိုက်တွေ တင်နေတဲ့အတွက် နေ့ခင်းပိုင်းမှာ နေအိမ်တွေဆီပြန်ကာ သန့်ရှင်းရေးတွေ ပြန်လည်လုပ်ဆောင်နေကြပြီး ညဘက်တွေမှာတော့ ရေကျသွားတဲ့ကျေးရွာတွေမှာ ပြန်လည်နေထိုင်ရတယ်လို့လည်း ဆိုပါတယ်။


မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ယမားချောင်ဘေးနားက ကျေးရွာတွေဖြစ်တဲ့ ကျေးစာကျရွာ၊ ဘိန်းနွယ်ချောင်ရွာ၊ ထန်းတောကြီးရွာ၊ ရေကြည်ပင်ရွာ၊ မြရိပ်ရွာ၊ မြစိမ်းရွာ၊ သဲတောကြီးရွာ၊ ရွှေပန်းခိုင်ရွာ၊ ကောင်းဆင့်ရွာနဲ့ အုန်းတောရွာက ဒေသခံတွေဟာ ကုန်းပြင်မြင့်ရှိတဲ့နေရာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အလားတူ မြောက်ယမားချောင်းနဲ့ ထိစပ်နေတဲ့ ဆားလင်းကြီးနယ်က ဒုန်းတောရွာ ၊ ဂုဏ်တောရွာနဲ့ ရွာသာရွာက ဒေသခံတွေဟာလည်း နေအိမ်တွေမှာ ပြန်လည်နေထိုင်လို့မရသေးတဲ့အတွက် ဆားလင်းကြီးနယ်ထဲက နီးစပ်ရာကျေးရွာတွေမှာ နေထိုင်နေရတယ်လို့လည်း သိရပါတယ်။


စာတည်း - 007

#မြေလတ်အသံ
#ယင်းမာပင် #ယမားချောင်း #လေဘေးသင့် #ဆားလင်းကြီး #မုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10