မြောင်နယ်က ထွက်လာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အညွန့်ရွာကနေ ပေါက်တောအရှေ့ရွာကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Myaung Special People Defence Force တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ  ၁၇ ရက် မနက် ၈ နာရီခွဲ ပေါက်တောအရှေ့ရွာနားအရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲခဲ့သလိုလက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးသွားတယ်လို့ MSPDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောပါတယ်။

“အကျအဆုံးသိရတာကတော့ ညီမတို့ Drone နဲ့ ကြည့်နေတာတွေရော အပြန်အလှန် တိုက်ခိုက်ခဲ့တာရော။ မိုင်းဆွဲခဲ့တာရော နောက်ဆက်တွဲ စုံစမ်းတဲ့သတင်းအရ ဒီကောင်တွေ ၄ ကောင်ကျတာကို အတိအကျသိရတယ်။” လို့ ဆိုပါတယ်။ 

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အဲ့ဒီစစ်ကြောင်းဟာ ပေါက်တောရွာထဲကိုဝင်သွားပြီး တညအိပ် တပ်စွဲနေပြီး နောက်နေ့မနက်မှာတော့ ပေါက်တောအနောက်ရွာက သိမ်ကျောင်းဆောင်အပါအဝင် ဆန်အိတ် ၂၅၀၊ ဆီ ၅၀ ပိဿာနဲ့ ကြက်သွန်အိတ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အခုလက်ရှိ မြောင်မြို့နယ်ထဲက မရိုးကုန်းရွာထဲမှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။ 

ဒီပစ်ခတ်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း ၄၊ Myaung Special People Defence Force၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း (၅)၊ မန္တလေးခရိုင်တပ်ရင်း (၆)၊ ညောင်ဦးခရိုင်တပ်ရင်း (၁) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ  

#မြောင် #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #သိမ်ကျောင်းဆောင် #မီးရှို့ #စစ်သား #ထိခိုက် #PDF #ရုပ်သံသတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10