မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြင်းခြံနယ်၊ ရန္တပိုရွာမှ လာရောက်စစ်ရှောင်သူ ၂၅၀ ခန့်ထဲမှာ ကျန်းမာရေးချို့တဲ့သူတွေရှိနေပြီး ဆေးကုသဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ပြည်သူတဦးဆီက သိရပါတယ်။

ရန္တပိုရွာက စစ်ရှောင်ကလေးငယ်တွေမှာ အကြိတ်၊ ချောင်းဆိုး၊ ရင်ကြပ် ဖြစ်နေကြသလို သက်ကြီးပိုင်းတွေမှာလည်း သွေးတိုး၊ ယားနာ၊ နှင်းခူ၊ လေးဘက်နာ၊ သွေးလေးဘက်နာ၊ ဂေါက်ရောဂါတွေဖြစ်နေကြပြီး ဆေးကုသဖို့အတွက် အခက်အခဲရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတချို့မှာ အရေပြားရောဂါတွေ ပိုအဖြစ်များပြီး ဆေးမြီးတိုနဲ့သာ ကုသနေရတယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်နေစဥ်အတွင်း ဆေးကုသချင်ရင် မြင်းခြံမြို့ကို သွားရောက်ကုသရပြီး စစ်ဆေးဖမ်းဆီးတာတွေရှိနေတဲ့အတွက် မသွားရဲကြဘဲ ဧရာဝတီမြစ်တဘက်ကမ်းမှာရှိတဲ့ စစ်ကိုင်းမြို့နယ်အတွင်းက မြစ်သာ၊ နဘဲ့ကျေးရွာတွေမှာ ဆေးသွားကုရတယ်လို့လည်း ပြောပါတယ်။

ဆေးကုဖို့သွားတဲ့အခါ လူတယောက် စက်လှေစီးခ ၈၀၀၀ ကျပ်ရှိသလို ဆေးကုသစရိတ်အဖြစ် အနည်းဆုံး ၂၀၀၀၀ ကျပ်ကုန်ကျပြီး ရောဂါဝေဒနာပေါ်မူတည်ကာ ၃၀၀၀၀ ကျပ်အထက် ကုန်ကျရာ ဆေးဖိုးမတတ်နိုင်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရန္တပိုရွာကို ၂၀၂၁ ဧပြီလအစောပိုင်းမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးဝင်လာတဲ့အတွက် စစ်ရှောင်နေကြရကာ ၂၀၂၄ ဇွန်လလယ်ပိုင်းမှာ မီးရှို့ခံခဲ့ရပြီး နေအိမ် ၉ လုံးမီးလောင်ပျက်စီးခဲ့ရပါတယ်။

ရန္တပိုရွာစစ်ရှောင်အများစု လာရောက်နေထိုင်နေကြတဲ့မြောင်နယ်မှာ ဇူလိုင်လအတွင်း မြစ်ရေကြီးလာခဲ့ရာ အခုအချိန်ထိ ရေလုံးဝ မကျသေးဘဲ သွားလာရခက်ခဲသလို ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ ကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #မြင်းခြံ #ရန္တပိုရွာ #စစ်ရှောင် #ကျန်းမာရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10