မြောင်မြို့နယ်က ကြားကာလစာသင်ကျောင်း ၃၀ ကျော်ကို YFC ထောက်ပံ့မှုပေး

မြောင်မြို့နယ်က ကြားကာလစာသင်ကျောင်း ၃၀ ကျော်ကို YFC ထောက်ပံ့မှုပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းရှိ ကြားကာလစာသင်ကျောင်း ၃၂ ကျောင်းကို အခု သြဂုတ်လအတွင်းမှာ သင်ထောက်ကူပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ Youths For Community - YFC မြောင်လူငယ်ကွန်ရက်အဖွဲ့ဆီက သိရပါတယ်။

မြောင်လူငယ်ကွန်ရက်အဖွဲ့ဝင်တွေအနေနဲ့ သင်ကြားရေးပိုင်းမှာ ပါ၀င်အားဖြည့်တာမျိုးမဟုတ်ဘဲ Myaung Education  Network - မြောင်ပညာရေးကွန်ရက်က ဖွင့်ထားတဲ့ ကျောင်းပေါင်း ၃၂ ကျောင်းက ဆရာဆရာမနဲ့ ကျောင်းသား/သူတွေအတွက် သင်ထောက်ကူပစ္စည်းနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"အခု တတိယနှစ်ပညာသင်နှစ်ထဲမှာ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေကူညီပေးနိုင်ခဲ့တယ်။ စာသင်ဆောင် ဆောက်လုပ်လှူဒါန်းပေးနိုင်တာ ရှိပါတယ်။ ကလေးတွေကိုလည်း အာဟာရကျွေးမွေးပေးခဲ့တယ် "လို့ မြောင်လူငယ်ကွန်ရက်အဖွဲ့ဝင် အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

မြောင်မြို့နယ် ကြားကာလမြေပြင်ပညာရေးကဏ္ဍမှာ စာသင်ကြားပေးနေတဲ့ ဆရာဆရာမ ဦးရေ ၄၀ ကိုလည်း ဆန်၊ ဆီ၊ ကြာဇံ၊ ဆား အစရှိတဲ့ ရိက္ခာတွေကို ခုလအတွင်းမှာ ၂ ကြိမ်ထောက်ပံ့ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မြောင်လူငယ်ကွန်ရက်အဖွဲ့ YFC အနေနဲ့ ကြားကာလပညာရေးမှာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်းမှာလည်း ပံ့ပိုးကူညီတာတွေကို အွန်လိုင်းမှတဆင့် ချိတ်ဆက်မျှဝေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း မြောင်မြို့နယ်အတွင်းမှာ စာသင်ဆောင်တဆောင်ကို Peoples Hope Spring Revolution အဖွဲ့က လှူဒါန်းပေးခဲ့ပါသေးတယ်။ 

မြောင်မြို့နယ်မှာ ကြားကာလပညာရေးကို ၂၀၂၂ ခုနှစ် မတ်လအစောပိုင်းကာလထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နဲ့ ၈ လတဖြတ်စီ ၂ နှစ်သင်ကြားရေးပြီးဆုံးခဲ့တာဖြစ်သလို အခု တတိယနှစ် ပညာသင်ကြားရေးကို သြဂုတ် ၂ ရက်က ကျောင်းအပ်လက်ခံပြီး သြဂုတ် ၁၀ ရက်က စတင်ပညာသင်ကြားနေတယ်လို့ မြောင်လူငယ်ကွန်ရက်အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

အထက်ပါ ကျောင်းပေါင်း ၃၂ ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ ၅၂၁ ဦးရှိပြီး၊ KG တန်းမှ Grade 12 အထိ ကျောင်းသားကျောင်းသူဦးရေ ၅၁၉၂ ဦး ပညာသင်ကြားနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ကြားကာလ #ပညာရေး #ထောက်ပံ့ #YFC #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10