မြောင်မြို့နယ် ကင်းကျေးရွာက ပစ္စည်းတွေယူပြီးပြန်လာတဲ့ စစ်တပ်ကို PDF တွေ မိုင်းဆွဲတိုက်ခိုက်

မြောင်မြို့နယ် ကင်းကျေးရွာက ပစ္စည်းတွေယူပြီးပြန်လာတဲ့ စစ်တပ်ကို PDF တွေ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဟာ ကင်းကျေးရွာထဲက ရွာခံတွေရဲ့ပစ္စည်းကို ယူပြီးပြန်အလာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myaung Union Army တပ်ဖွဲ့ဆီက သိရပါတယ်။

အင်အား ၆၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ရစ်ရွာနဲ့ ၂ မိုင်လောက်သာဝေးတဲ့ ကင်းကျေးရွာထဲကို စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် ၅ နာရီလောက်မှာ သေနတ်တွေ ပစ်ဖောက်ပြီးဝင်ရောက်လာကာ ဒေသခံတွေရဲ့ အဝတ်အစားတွေနဲ့ စားသောက်ကုန်တွေကို ယူဆောင်သွားတဲ့အပြင် ဒေသခံ ၅ ဦးကိုလည်း သူတို့ကို ထမင်းချက်ကျွေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပြည်သူတွေရဲ့ ပစ္စည်းတွေကိုယူဆောင်လာပြီး ကင်းကျေးရွာအနောက်ဘက် ကင်းကျောင်းကြီးနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးသွားတယ်လို့ Myaung Union Army တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ဖမ်းသွားတဲ့ ရွာသား ၅ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ ရွာသားတွေကို သူတို့ပြောတယ်။ ထမင်းချက်ထား ငါတို့ပြန်လာခဲ့မယ်ဆိုပြီး ပြောသွားတယ်။ ကျနော်တို့မိုင်းဆွဲလိုက်တဲ့အချိန် သူတို့ဘက်က လဲကျသွားတာကို မြင်တွေ့ရတယ်။ နောက်ထပ်ကြားရတာကတော့ တယောက်တော့ သေသွားတယ်တဲ့” လို့ သူက ဆက်ပြောပါတယ်။ 

မိုင်းဆွဲခံပြီးတဲ့နောက် အဲ့ဒီစစ်ကြောင်းဟာ ကျောက်ရစ်ရွာထဲကို ပြန်လည်ဝင်ရောက်သွားတဲ့အတွက် ကင်းရွာကဒေသခံတွေဟာ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်ပြီလို့လည်း သိရပါတယ်။ 

ဒါ့အပြင် ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကင်းရွာထဲကို မကြာခဏ ဝင်ရောက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ခွပ်ဒေါင်းမာန် LPDF အဖွဲ့ ၊ Myaung Union Army တပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ ကျေးရွာပကဖတို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ Myaung Union Army အဖွဲ့ဟာ စက်တင်ဘာ ၂၀ ရက်ကလည်း မြောင်နယ် သာဒွန်းကျေးရွာ အနောက်ဘက်ကို ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်း ၃ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - သြဂုတ် ၁၃ ရက်က မြောင်မြို့မရဲစခန်းကို သွားရောက်ပစ်ခတ်ခဲ့သည့်  Myaung Union Army တပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ကျောက်ရစ်ရဲစခန်း #စစ်ကောင်စီတပ် #ကင်းကျေးရွာ #မိုင်းဆွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10