မြောင်မှာ ဆက်ကြေးကောက်၊ ပြည်သူပိုင်ပစ္စည်းခိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF က ဒရုန်းဗုံးချတိုက်ခိုက်

မြောင်မှာ ဆက်ကြေးကောက်၊ ပြည်သူပိုင်ပစ္စည်းခိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF က ဒရုန်းဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းရွာက ရွာခံပိုင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ခိုးယူသယ်ဆောင်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်က  ပြည်သူတွေရဲ့ စားသောက်ကုန်တွေကို ခိုးယူသယ်ဆောင်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ မနက် ၁၁ နာရီကျော်လောက်မှာ ကျောက်ရစ်စခန်းထဲကို ပြန်ဝင်လာချိန် အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက  Shar Htoo  Waw နည်းပညာ Fixed  Wings ဒရုန်းနဲ့ ဗုံးသီး ၁ ကြဲချတိုက်ခိုက်ခဲ့ပါ တယ်။ 

“သူတို့ (စစ်ကောင်စီ) က ရိက္ခာပြတ်တော့ ပြည်သူဟာတွေကို လာပြီးတော့ယူတာပေါ့။ သူတို့ စစ်ကြောင်းမထွက်တာ ၃ လကြာပြီ။ အခုက ပထမဆုံးအကြိမ် ရိက္ခာပြတ်တော့ စထွက်တာ၊ သူတို့ စခန်းထဲပြန်ဝင်တဲ့အချိန်ကို စောင့်ပြီးတော့ ပစ်ခဲ့တာ” လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကျောက်ရစ်စခန်းနဲ့ ကင်းရွာဟာ အကွာအဝေး ၁ မိုင်ကျော်လောက်သာရှိပြီး စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေ ရွာထဲကိုဝင်လာမယ်လို့ သတင်းကြားသိရတဲ့အတွက် ကျေးရွာကဒေသခံတွေဟာ ကြိုတင်ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ မရှိဘူးလို့လည်း ဆိုပါတယ်။

အလားတူ မြောင်မြို့ပေါ်မှာ လမ်းသွားလမ်းလာပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ အင်အား ၂၅ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မွန်းလွဲ ၁ နာရီကျော်ကနေ ညနေ ၃ နာရီခွဲအထိ ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အခုလို ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၆ ဦးထိခိုက်သေဆုံးသွားတယ်လို့လည်း သိရပါတယ်။ 

တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM ရဲ့ အနောက်ပိုင်း 001 ဒရုန်းအဖွဲ့ ၊ မြောင်မြို့နယ် ပလဖ ၊ မြောင်မြို့မတိုက်နယ် ပကဖ၊ ဒေါင်းညီနောင်၊ စဉ့်ကိုင် ပကဖ၊ Sintkaing Revolution Force ၊ 11 Brothers Revolution Forces တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ကင်းရွာ #စားနပ်ရိက္ခာ #ခိုးယူ #စစ်ကောင်စီ #ပျူစောထီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10