မြောင်မှာ စစ်ရှောင်တွေအပြင် PDF တွေကိုပါ ရိက္ခာပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေနဲ့ ရှေ့တန်းရောက် PDF ရဲဘော်တွေကို ရိက္ခာနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို နိုင်ဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ထောက်ပံပေးခဲ့တယ်လို့ Youths for Community-Myaung မြောင်လူငယ်ကွန်ရက် အဖွဲ့ဆီကသိရပါတယ်။

ဧရာဝတီမြစ်တဘက်ကမ်း ညောင်တိုရွာနဲ့ ဆီမီးခုံဆိပ်ကမ်းနေရာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ နေ့စဥ်ပစ်ခတ်နေလို့ ၇ ရက်ကြာ စစ်ရှောင်နေရတဲ့ပြည်သူတွေနဲ့ ရှေ့တန်းရောက် PDF ရဲဘော်တွေ စားသောက်ဖို့ခက်ခဲနေတာကြောင့် ကူညီထောက်ပံ့ပေးရတာလို့ YfC အဖွဲ့ဝင် ကိုကောင်းကောင်းက ပြောပါတယ်။ 

လက်နက်ကြီးပစ်ခတ်နေတဲ့နေရာက ရှောင်ရတဲ့ စစ်ရှောင်ပြည်သူအိမ်ထောင်စု ၁၇ စုတို့အတွက် အိမ်ထောင်စု ၁ စုကို Rainbow ဆပ်ပြာ ၁ ဘူး၊ ခေါင်းလျှော်ရည် ၁၀ ထုပ်၊ သွားတိုက်ဆေး ၁ ဘူး ၊ သွားတိုက်တံတွေကို သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ရှောင်နေရာတခုက အိမ်ထောင်စု ၁၇၀ အတွက် အိမ်ထောင်စုတစုကို ဆန် ၁ ပြည်၊ ပဲ ၁ ဘူး၊ ကြာဇံ ၁ ထုပ် ထောက်ပံပေးခဲ့ပါသေးတယ်။

ဒါ့အပြင် PDF ရဲဘော်တွေ စားသောက်ဖို့အတွက် ကြက်သားဟင်း၊ ငါးခြောက်အစပ်ကြော်နဲ့ သရက်ချဥ်သုပ်ထားတဲ့ ထမင်းဘူး ၁၈၀ ကျော်ကိုလည်း ရှေ့တန်းတနေရာသို့ သွားရောက်ကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို ကူညီထောက်ပံ့မှုကို Youths for Community - YfC Myaung မြောင်လူငယ်ကွန်ရက်အဖွဲ့ နဲ့အတူ Hope for People ချောင်းဦး စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ အပြင် မွေးနေ့ရှင်ပြည်သူတွေက ပူးပေါင်းကျွေးမွေးထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #စစ်ဘေးရှောင် #YfC #စားနပ်ရိက္ခာ #စစ်ကောင်စီ #ကူညီထောက်ပံ့ရေး #လက်နက်ကြီးပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10