မြွေပူရာ ကင်းမှောင့်အဖြစ် ရောက်နေကြတဲ့ ရေလယ်ကျွန်း စစ်ရှောင်များ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်ကြဘဲ ၁ နှစ်ကျော်ကြာမြင့်တဲ့အထိ စစ်ရှောင်နေရတာဖြစ်ပြီး အလုပ်အကိုင်မရှိလို့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပိုင်းမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ရွာသားတွေဆီက သိရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မင်းရွာ၊ နေရင်းရွာ၊ ပေါက်တောရွာက ဒေသခံဦးရေ တထောင်ကျော်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပတ္တာရွာဘက်ကနေ ၆၀ မမ လက်နက်တွေနဲ့ ပစ်ခတ်လို့ နီးစပ်ရာ ရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်စရှောင်တုန်းက ၂ လဝန်းကျင်လောက် နီးစပ်ရာရွာတွေမှာ ခိုလှုံနေခဲ့ကြရင်း အဲ့ဒီကတဆင့် နောက်ထပ်နေရာတွေကို အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်နေကြရတာပါ။  အခုလို မိုးတွင်းကာလမှာ ဧရာဝတီမြစ်ရေတက်လာတာကြောင့် စစ်ရှောင်တွေဟာ တခြားတနေရာကို အချိန်မီ ရွှေ့ပြောင်းဖို့ လှေမရှိတဲ့အတွက် အခက်အခဲတွေ ထပ်ပြီးကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

ရေလယ်ကျွန်း စစ်ရှောင်ပြည်သူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးရှိနေပြီး သာမန်မွေးဖွားနိုင်တာမျိုးမရှိမှာကို သူတို့စိုးရိမ်နေကြသလို မမွေးနိုင်လို့ အရေးပေါ်မီးဖွားဖို့ဖြစ်လာရင် ဆေးရုံးသွားဖို့ကိုလည်း အခက်အခဲတွေ့မှာကို ပူပန်နေကြရပါတယ်။ မကြာသေးမီကလည်း စစ်ရှောင်ကလေးငယ် မပိုးအိဖြူ သွားကိုက်ဝေဒနာခံစားနေရပြီး သွားဖုံးတွေရောင်လာလို့ နီးစပ်ရာ ဆေးပေးခန်းကို သွားရောက်ကုသခဲ့ပေမယ့် အချိန်မမီလိုက်ဘဲ သေဆုံးသွားပါတယ်။ 

ဒါ့အပြင် မြွေအန္တရာယ်ကိုလည်း စိုးရိမ်နေကြရပြီး စစ်ရှောင်နေကြတဲ့ တနှစ်တာအတွင်းမှာ မြွေပွေး ၁၅ ကောင် တွေ့ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။ အခုလက်ရှိ ဧရာဝတီရေမြင့်တက်လာတာကြောင့် သူတို့နေတဲ့ဝန်းကျင်မှာ ရေဝင်လာတဲ့အတွက် ကုန်းမြင့်ရာနေရာတွေကို ထပ်မံပြောင်းရွှေ့ကြရပြီး ရေလယ်ကျွန်းက စစ်ရှောင်တွေဟာ မြွေပူရာ ကင်းမှောင့်အဖြစ်ကို ရောက်နေကြတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ရေစကြို #ရေလယ်ကျွန်း # စစ်ရှောင် #အခက်အခဲ #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10