“မြွေဟောက်” အကိုက်ခံရသူများ (ဆောင်းပါး)

“မြွေဟောက်” အကိုက်ခံရသူများ (ဆောင်းပါး)

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် (တမခ ၄၄)ဟာ စစ်ကောင်စီတပ်ရဲ့ နာမည်ကြီး ကြည်းတပ်တိုက်ခိုက်ရေးတပ်မတခုပါ။

ခြေမြန်တပ်မတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေးဌာနက တိုက်ရိုက်ကွပ်ကဲတာဖြစ်ပြီး တပ်မတွေရဲ့သဘောသဘာဝအရ လိုအပ်တဲ့နေရာကို စစ်ကစားရွေ့လျားကာ တိုက်ခိုက်ရေးသွားရောက်ရတာဖြစ်ကာ တပ်မ ၄၄ ဟာ လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်နေရတာ ၂ နှစ်ကျော်ရှိပါပြီ။

တပ်မ ၄၄ ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်မဖြစ်မီ ဗိုလ်မှူးချုပ်အဆင့်နဲ့ တပ်မမှူးတာဝန်ရယူခဲ့တဲ့တာဖြစ်လို့ သူတပ်ချုပ်ဖြစ်လာချိန်နောက်ပိုင်း တပ် မ ၄၄ မှာ ဗျူဟာမှူး၊ တပ်မမှူးအဖြစ် ခန့်အပ်ခံရတဲ့ တပ်အရာရှိကြီးတွေဟာ တဆင့်မြင့်ရာထူးတွေကိုတက်လှမ်းနိုင်ဖို့ သေချာနေတဲ့အခြေအနေလို့ တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

စစ်ကောင်စီတပ်မှာ ထိပ်ပိုင်းရာထူးတွေရယူထားသူတွေဖြစ်တဲ့ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးတွဲယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်တို့ဟာ တပ်မ ၄၄ မှာ ဗျူဟာမှူးနဲ့ တပ်မမှူးတာဝန်တွေရယူခဲ့ပြီးတဲ့နောက် နေပြည်တော်ရောက် စစ်ဗိုလ်ချုပ်ကြီးတွေအဖြစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မြှောက်စားထားတာပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ၃ နှစ်အတွင်း တပ်မ ၄၄ ကို ရောက်ရှိလာတဲ့ တပ်မမှူးတွေကတော့ ကရင်ပြည်နယ်စစ်ဆင်ရေးတွေမှာ ရလဒ်တွေမကောင်းခဲ့လို့ ရာထူးကအနားပေးခံခဲ့ရတာ ၂ ဦး ရှိပြီး နောက်ဆုံးအစားထိုးလွှတ်တဲ့ တပ်မမှူးအသစ်ဆိုရင် ခန့်အပ်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ သေဆုံးခဲ့လို့ ဘယ်တပ်မမှူးစစ်ဗိုလ်ချုပ်မှ နောက်တဆင့်ရာထူးကို မတက်လှမ်းနိုင်သေးပါဘူး။ 

ပုံစာ - ရဟတ်ယာဉ်ပစ်ချခံရသဖြင့် သေဆုံးခဲ့သည့် တပ်မ ၄၄ တပ်မမှူးအသစ်။
ပုံစာ - ရဟတ်ယာဉ်ပစ်ချခံရသဖြင့် သေဆုံးခဲ့သည့် တပ်မ ၄၄ တပ်မမှူးအသစ်။

ကရင်ပြည်နယ်ကို ရောက်ရှိလာတဲ့ တပ်မ ၄၄ တပ်မမှူးတွေဟာ KNU တပ်မဟာ ၆ နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေအကြား ရင်ဆိုင်တိုက်ပွဲတွေမှာ ဘယ်လိုတွေ့ကြုံပြီး ရာထူးကနေအနားပေးခံခဲ့ရလဲ၊ ဘယ်လိုတွေ သေဆုံးခဲ့ရလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။

 

တကျော့ပြန်ကရင်ပြည်ရောက် မင်းအောင်လှိုင် ပစားပေးထားတဲ့ တပ်မ ၄၄ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာချိန် ၂၀၁၁ ကစတင်ပြီး တပ်မ ၄၄ တခုလုံးကို ကက(ကြည်း)အရံတပ်မဟု သတ်မှတ်ကာ တိုက်ပွဲပြင်းထန်တဲ့ စစ်ဆင်ရေးနယ်မြေတွေကို စေလွှတ်ခြင်းမရှိတော့ပါဘူး။  နောက်တန်းဌာနချုပ်နဲ့နီးတဲ့ KNUနယ်မြေ ကရင်နဲ့ မွန်ပြည်နယ်အတွင်းက စခန်းကုန်းတွေမှာ ကာလရှည်ထားရှိခဲ့ကာ အဆိုပါကာလတွေဟာ မွန်နဲ့ကရင်မှာ သေနတ်သံတချက်မကြားရတဲ့ကာလတွေပါ။

“ သူတပ်မမှူးလုပ်ခဲ့တဲ့ တပ်မဆိုတော့ တပ်ချုပ်ဖြစ်တဲ့အချိန်မှာ ပြန်ကြည့်တဲ့သဘောနဲ့  ၄၄ ကို ကြည်း(ကကကြည်း)အရံတပ်မဆိုပြီး တိုက်ပွဲလည်းမဖြစ်၊ ဌာနချုပ်နဲ့လည်းနီးတဲ့ မွန်၊ ကရင်မှာပဲ အေးဆေးထားထားတာ” လို့ တပ်မ ၄၄ မှာ ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား တပ်ကြပ်ကြီးတဦးက ရှင်းပြပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုတွေနဲ့ ကာလရှည်ဝေးကွာနေတဲ့ တပ်မ ၄၄ ဟာ ၂၀၁၉ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ရခိုင်ဒေသဆီကိုစေလွှတ်ခံရတာဟာ ၂၀၂၁ နှစ်ကုန်ပိုင်း  ကရင်ပြည်နယ်ကို ပြန်မရောက်ခင်အထိပါပဲ။ 

၂၀၂၁ နှစ်ကုန်ပိုင်း လေးကေ့ကော်ဒေသက စတင်ခဲ့တဲ့ ကရင်ပြည်နယ်တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ချိန်မှာတော့ ကရင်ပြည်နယ်မှာ ကာလရှည်စခန်းထိုင်ခဲ့တဲ့ တပ်မ ၄၄ နဲ့ လက်အောက်ခံတပ်ရင်းတွေကို ရခိုင်ကနေ ခေါ်ထုတ်လာပြီး မြဝတီ-ဝေါလေလမ်းပိုင်းက ရှေ့တန်းစခန်းကုန်းတွေဆီ ပို့ဆောင်အင်အားဖြည့်ခဲ့လို့ တပ်မ ၄၄ ဟာ ကရင်ပြည်နယ်အတွင်း ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

“အနားရတာများပြီး စစ်မတိုက်ရတာကြာတော့ ရခိုင်ကို စလွှတ်တဲ့အချိန်မှ ရခိုင်မှာအကျများကြတယ်။ နောက် အာဏာသိမ်းပြီးတော့ ဒီကရင်ဘက်မှာ ပြန်ကြမ်းလာတော့ ကရင်က ၄၄ အရင်ထဲက ထိုင်လာတဲ့နေရာဆိုပြီး  ရခိုင်ကနေထုတ်ပြီး ဒီ(ကရင်)ဘက်မှာပြန်ထည့်တာ၊ သေကြ၊ ပြုတ်ကြတာပဲ” လို့ အဆိုပါ တပ်ကြပ်ကြီးက ပြောပါတယ်။

တပ်မ ၄၄ မရောက်ရှိခင်က အဲ့ဒီဝေါလေဒေသတကြောမှာ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ နဲ့ လက်အောက်ခံတပ်တွေ စစ်ဆင်ရေးဝင်ရောက်နေတာဖြစ်ပြီး ကရင် ပြည်နယ်တိုက်ပွဲတွေကြောင့် တပ်မ ၄၄ ကို ထပ်မံပေါင်းထည့်ခဲ့တာပါ။

တပ်မ ၄၄ တပ်တွေဟာ မြဝတီ-ဝေါလေလမ်းပိုင်းနဲ့ လေးကေ့ကော်ဒေသတလျှောက် အခြေပြုစခန်းထိုင်ပြီး စစ်ကြောင်းတွေလှုပ်ရှားတာကြောင့် ထိတွေ့တိုက်ခိုက်မှုတွေမှာလည်း အဆိုပါနယ်မြေတွေမှာ လှုပ်ရှားတဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် ပူးပေါင်းစစ်ကြောင်းတွေနဲ့သာ အများဆုံးရင်ဆိုင်ခဲ့ရတာလို့ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြဝတီ-ဝေါလေလမ်းပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်က ရှေ့တန်းစစ်စခန်းကုန်းတွေမှာ ဝင်ရောက်နေတဲ့ တပ်မ ၄၄ နဲ့ လက်အောက်ခံတပ်တွေကို တပ်မမှူးက မြဝတီ၊ ဖားချောင်းအခြေစိုက် ခလရ ၂၇၅ တပ်ရင်းမှာထိုင်ပြီး စစ်ဆင်ရေးကွပ်ကဲတာလည်းဖြစ်ပါတယ်။

 

ခဲယမ်းတွေ ကော်ဘရာဆီမှားပို့လို့ ဖြုတ်ခံရတဲ့ စျေးဦးပေါက် တပ်မမှူး

စစ်အာဏာသိမ်းပြီးချိန်က တပ်မ ၄၄ တပ်မမှူးဟာ ဗိုလ်မှူးချုပ် တင်မိုးနိုင် ဖြစ်ပြီး သူ့ကို ၂၀၂၂ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးဖြစ်စဉ်တခုကြောင့် စစ်ခေါင်းဆောင်တွေက နေပြည်တော်ကိုခေါ်ပြီး ခုံရုံးဖွဲ့စစ်ဆေးကာ တပ်မမှူးရာထူးကနေ ဖြုတ်ချခဲ့တာပါ။ 

အဲ့ဒီဖြစ်စဉ်ဟာ တပ်မ ၄၄ ကွပ်ကဲမှုအောက် ရှေ့တန်းခမရ ၁၀၂ က ဗိုလ်ကြီး ရဲရင့်မောင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဟာ အရပ်ဘက်ယာဉ်ကိုအသုံးပြုပြီး မြဝတီ-ဝေါလေကားလမ်းဘေးရှိ စစ်တပ်စခန်းတခုကို လက်နက်ခဲယမ်းတွေပို့ဆောင်ရာမှာ ကော်ဘရာစစ်ကြောင်းရဲ့စခန်းကို မှားပို့မိခဲ့တာပါ။

ပုံစာ - ကော်ဘရာစစ်ကြောင်း ဖမ်းဆီးရမိသည့် ရှေ့တန်းခမရ ၁၀၂ မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးအဖွဲ့နှင့် လက်နက်ခဲယမ်းများ။
ပုံစာ - ကော်ဘရာစစ်ကြောင်း ဖမ်းဆီးရမိသည့် ရှေ့တန်းခမရ ၁၀၂ မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးအဖွဲ့နှင့် လက်နက်ခဲယမ်းများ။

အဲ့ဒီလိုမှားပို့မိတာကြောင့် သူတို့ ၆ ဦးကို ကော်ဘရာစစ်ကြောင်းက ဖမ်းမိခဲ့ပြီး သူတို့ ကိုင်ဆောင်တဲ့လက်နက်ငယ်တွေအပြင် ကားပေါ်ပါလာတဲ့ ရာနဲ့ချီတဲ့ခဲယမ်းတွေရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာလည်း မြဝတီ-ဝေါလေလမ်းပိုင်းတိုက်ပွဲတွေမှာ တပ်မ ၄၄ ကစစ်ကောင်စီတပ်သားတွေ အသေဆုံးများပြားနေတာလို့ ကော်ဘရာစစ်ကြောင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အရှင်ဖမ်းဆီးရမိခဲ့တဲ့ ခဲယမ်းပို့တပ်ဖွဲ့ကိုဦးဆောင်လာတဲ့ ဗိုလ်ကြီး ရဲရင့်မောင်ကလည်း သူ့အနေနဲ့ လမ်းပိုင်းမကျွမ်းကျင်တာကြောင့် ကော်ဘရာစခန်းထံ မှားယွင်းဝင်ရောက်လာတာလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ 

အဆိုပါဖြစ်စဉ်မှာ လူ၊ လက်နက်၊ ခဲယမ်းအားလုံးဆုံးရှုံးလိုက်ရတာအပြင် မြေပြင်တိုက်ပွဲတွေမှာ နားလန်မထူ၊ အရေးနိမ့်နေတာကြောင့် စစ်တက္ကသိုလ်အမှတ်စဉ် ၃၉ ဆင်း တပ်မမှူး ဗိုလ်မှူးချုပ် တင်မိုးနိုင်ကို အခင်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ခေါင်းဆောင်တွေက နေပြည်တော်ကို ခေါ်ဆောင်ခဲ့ပါတယ်။

ပြီးတော့ ဗိုလ်မှူးချုပ် တင်မိုးနိုင် ကို တာဝန်ပေါ့လျော့မှု၊ တာဝန်ရှိမှု၊ ကွပ်ကဲမှုညံ့ဖျင်းစတဲ့ ပြစ်မှုတွေနဲ့ တပ်မမှူးရာထူးကနေဖြုတ်ချကာ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ၁ လခန့်အကြာမှာ စစ်တပ်လက်အောက် ဦးပိုင်ကုမ္ပဏီကို အရပ်ဝတ်လဲကာ ပို့ဆောင်ခဲ့ပါတယ်။

သူ့ရဲ့  တပ်မ ၄၄ တပ်မမှူးနေရာကို အောက်တိုဘာလဆန်းပိုင်းမှာ နေပြည်တော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နကတ)က နည်းပြ(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီး ဝင်းနောင်စိုးနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။

ပုံစာ - ဗိုလ်မှူးချုပ် ဝင်းနောင်စိုး။
ပုံစာ - ဗိုလ်မှူးချုပ် ဝင်းနောင်စိုး။

 

ကော်ဘရာစနိုက်ပါမိတဲ့ ၄၄၁ ဗျူဟာမှူး

တပ်မ ၄၄ က နောက်ထပ် မြွေဟောက်ကိုက်ခံရသူတဦးကတော့ မြဝတီ-ဝေါလေလမ်းပိုင်း ညောင်ချောင်းရွာအနီး ရွှေညောင်ပင်ဘုရားကုန်း(ဗျူဟာကုန်း)စခန်းမှာထိုင်တဲ့ နည်းဗျူဟာ ၄၄၁ ရဲ့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးဖြစ်ပါတယ်။ 

၂၀၂၂ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှာ တပ်မ ၄၄ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးကို ကော်ဘရာစစ်ကြောင်းရဲ့ လက်ဖြောင့်စနိုက်ဘာရဲဘော် ၁ ဦးက ပစ်ခတ်ချေမှုန်းနိုင်ခဲ့တာပါ။

“ ဗျူဟာမှူးကျတာက မနက်အစောကြီး ၈ နာရီလောက် စခန်းရှေ့ထွက်ပြီး ပုဆိုးကြီးရင်ခေါင်းအထိတက်စည်းပြီး သူ့မိန်းမဆီဖုန်းပြောနေတာ။ ကော်ဘရာစနိုက်ဘာက ချောင်းနေတာမသိဘူး။ ပစ်ခံရတာ။ သူ့ကို တက်ဆွဲတဲ့အချိန် မသေသေးဘူး။ နောက်မှ သွေးထွက်လွန်ပြီးသေတာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ တပ်မ ၄၄ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပုံစာ - ဗိုလ်မှူးကြီး ဝင်းမင်းဦးနှင့် ဇနီး။
ပုံစာ - ဗိုလ်မှူးကြီး ဝင်းမင်းဦးနှင့် ဇနီး။

ဗျူဟာမှူးသေဆုံးမှုကို မိန်းမဖြစ်သူနဲ့ဖုန်းပြောနေချိန် စနိုက်ပါ ထိမှန်တာကို ဖုံးကွယ်ထားပြီး ရှေ့တန်းစစ်စခန်းတွေကို သွားရောက်စစ်ဆေးနေချိန် စနိုက်ပါထိမှန်သေဆုံးတာလို့ နေပြည်တော်က စစ်ခေါင်းဆောင်တွေဆီ လိမ်လည်တင်ပြခဲ့တယ်လို့  သူက ဆိုပါတယ်။

ဗိုလ်မှူးကြီး ဝင်းမင်းဦးရဲ့ ရုပ်အလောင်းကို အဲ့ဒီနေ့မနက်ပိုင်းမှာပဲ မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ကို သယ်ဆောင်ပြီး အောက်တိုဘာ ၂၁ ရက်မှာ ကစထမှူးလာရောက်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်တက္ကသိုလ်အမှတ်စဉ် ၄၂ ဆင်းလည်းဖြစ်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးသေဆုံးမှုဟာ တပ်မမှူးအသစ် ဗိုလ်မှူးကြီး ဝင်းနောင်စိုးရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ခဲ့တာကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက ဗျူဟာမှူး၊ တပ်မမှူး အားလုံးတုန်လှုပ်ခဲ့ရတယ်လို့ ရတခနယ်မြေတပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

 

လက်ခတ်တောင်ပြန်မရလို့ ပြုတ်တဲ့ ဒုတိယမြောက်တပ်မမှူး 

ဖြုတ်ချခံရတဲ့ ဗိုလ်မှူးချုပ် တင်မိုးနိုင် နေရာကို အစားထိုးရောက်ရှိလာတဲ့ တပ်မမှူး ဗိုလ်မှူးကြီး ဝင်းနောင်စိုးဟာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ဇာတိဖြစ်ပြီး ဇနီး ဒေါ်ခင်မြတ်ကြူနဲ့ သားဖြစ်သူက ထူးမြတ်ပိုင်ပါ။

စစ်တက္ကသိုလ် အမှတ်စဉ် ၄၂ ဆင်း ဗိုလ်မှူးကြီး ဝင်းနောင်စိုးဟာ တပ်မ ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ်တာဝန်နဲ့ ၂၀၂၂ အောက်တိုဘာလမှာ ခန့်အပ်ခံရပြီး တနှစ်ပြည့်မြောက်ချိန် ၂၀၂၃ အောက်တိုဘာမှာ ဗိုလ်မှူးချုပ်အဆင့်ရရှိခဲ့ပါတယ်။

ပုံစာ - ဗိုလ်မှူးချုပ် ဝင်းနောင်စိုး နှင့် ဇနီး။
ပုံစာ - ဗိုလ်မှူးချုပ် ဝင်းနောင်စိုး နှင့် ဇနီး။

သူတပ်မမှူးတာဝန်ယူထားစဉ် ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၁ ရက်မှာ မြဝတီမြို့နဲ့ ၇ မိုင်အကွာ လက်ခတ်တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို KNLA၊ ကော်ဘရာ၊ ကျားသစ်နက်နဲ့ ဖက်ဒရယ်ဝင်းဒရုန်း ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ခတ်တောင်စခန်းဟာ မြေပြင်စိုးမိုးမှုနဲ့စစ်ဗျူဟာအရ အရေးပါတဲ့စခန်းကုန်းတခုဖြစ်တာကြောင့် စခန်းကုန်းပြန်လည်ရရှိရေး တပ်မ ၄၄ လက်အောက်ခံတပ်တွေရဲ့မြေပြင်စစ်ကြောင်းတွေ၊ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကသိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းနဲ့  ဇူလိုင်လနောက်ဆုံးအပတ်ကနေ ဩဂုတ်လဒုတိယပတ်အတွင်းမှာပင် ၁၀ ကြိမ်ထက်မနည်းထိုးစစ်ဆင်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ - လက်ခတ်တောင်အား သိမ်းပိုက်ပြီးနောက် ကော်ဘရာစစ်ကြောင်းအား တွေ့ရစဉ်။
ပုံစာ - လက်ခတ်တောင်အား သိမ်းပိုက်ပြီးနောက် ကော်ဘရာစစ်ကြောင်းအား တွေ့ရစဉ်။

ဒါပေမယ့် လက်ခတ်တောင်ကိုတိုက်ခိုက်လာတဲ့ တပ်မ ၄၄ စစ်ကောင်စီတပ်သားတွေသာ အကျအဆုံးများပြီး ပြန်လည်ဆုတ်ခွာခဲ့ရကာ လက်ရှိအထိ လက်ခတ်တောင်စခန်းပြန်လည်မရရှိခဲ့ဘဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာလောက်သာ စစ်ကောင်စီဘက်က လုပ်ဆောင်နိုင်တယ်လို့ မြေပြင်စစ်ကြောင်းတွေက ဆိုပါတယ်။

လက်ခတ်တောင်စခန်းကို ပြန်လည်ရရှိအောင်မစွမ်းဆောင်နိုင်တဲ့ မြေပြင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းနောင်စိုးကို စစ်ခေါင်းဆောင်တွေက အနားပေးပြီး တပ်မမှူးအသစ်နောက်တဦးအစားထိုးခဲ့တာလို့ တပ်မ ၄၄ နဲ့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“အဓိကက လက်ခတ်တောင်ပေးလိုက်ရပြီး ပြန်တိုက်မယူနိုင်တာပေါ့။ သူ(ဝင်းနောင်စိုး)က ဒီဘက်နယ်မြေ(ကရင်ပြည်နယ်) ကို ကစထ ၄ စစ်ဆင်ရေး G-1 လောက် လုပ်ဖူးတာ၊ မြေပြင်အခြေအနေကို သိတာမဟုတ်ဘူး။ ရှမ်းမြောက်ဘက်မှာ ဗျူဟာမှူး ၂ နှစ်လောက်လုပ်ပြီး အဲ့ဒီကနေ နကတမှာ စာသင်နေတာကနေ တပ်မမှူးဖြစ်လာတာ” လို့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပုံစာ - လက်ခတ်တောင်အား စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးနေသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။
ပုံစာ - လက်ခတ်တောင်အား စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးနေသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။

ဗိုလ်မှူးချုပ် ဝင်းနောင်စိုးဟာ ကရင်ပြည်နယ်ရောက်ရှိပြီး ၁ နှစ် ၃ လခန့်အကြာ ၂၀၂၄ ဇန်နဝါရီ ဒုတိယပတ်အတွင်းမှာ တပ်မ ၄၄ တပ်မမှူးရာထူးက ဖယ်ရှားခံရကာ အရံအင်အား(စစ်သံမှူး)အဖြစ် ပို့ဆောင်ခံလိုက်ရပြီး သူ့ရဲ့နေရာကို ကရင်ပြည်နယ်စစ်ဆင်ရေးတွေနဲ့ မစိမ်းတဲ့ ဖာပွန်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းနောင်ကို ဗိုလ်မှူးချုပ်အဆင့်တိုးမြှင့်ပေးကာ အစားထိုးခဲ့ပါတယ်။ 

 

မြေမနင်းသား တပ်မမှူးအသစ်နဲ့ ငှက်ကင်

အခုနှစ် ဇန်နဝါရီ ဒုတိယအပတ်အတွင်းက တပ်မ ၄၄ ရဲ့ ၃ ဦးမြောက် တပ်မမှူးအဖြစ် ရာထူးတိုးခန့်အပ်ခံရတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင်ဟာ မြေပြင်စစ်ဆင်ရေးတွေကွပ်ကဲဖို့ ဇန်နဝါရီ ၂၉  ရက်မှာ ရဟတ်ယာဉ် ၂ စီးနဲ့ မြဝတီမြို့ကို ရောက်ရှိလာပါတယ်။

ပုံစာ - ဗိုလ်မှူးချုပ် အေးမင်နောင်နှင့် မိသားစု။
ပုံစာ - ဗိုလ်မှူးချုပ် အေးမင်နောင်နှင့် မိသားစု။

ဗိုလ်မှူးချုပ် အေးမင်းနောင် လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ နဲ့ ၃၅၆ အကြား ပျံသန်းနေချိန် ကော်ဘရာစစ်ကြောင်း စနိုက်ပါသမားက ရဟတ်ယာဉ်မောင်းသူ(ပိုင်းလော့)ကို ပစ်ခတ်နိုင်ခဲ့လို့ ရဟတ်ယာဉ်လည်း ပျက်ကျခဲ့ပါတယ်။

“ တပ်မမှူးက ဖားချောင်း ခလရ ၂၇၅ မှာထိုင်တာဆိုတော့ ညီနောင် ခမရ ၃၅၅ ကနေ အဲ့ဒီကို ဆက်ထွက်တဲ့အချိန် ရဟတ်ယာဉ်မောင်း စနိုက်ပါမိတာဖြစ်မယ်” လို့ တပ်မ ၄၄ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရဟတ်ယာဉ်မောင်းသူ ကျည်ထိမှန်ပြီး ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်ဟာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်အမျိုးအစား Eurocopter365  ဖြစ်ပြီး အဆိုပါရဟတ်ယာဉ်ရှေ့မှန်တွေဟာ ကျည်မကာဘူးလို့ လေတပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

ပုံစာ - ဗိုလ်မှူးချုပ် အေးမင်နောင် လိုက်ပါလာသည့် ရဟတ်ယာဉ် ပျက်ကျနေပုံ။
ပုံစာ - ဗိုလ်မှူးချုပ် အေးမင်နောင် လိုက်ပါလာသည့် ရဟတ်ယာဉ် ပျက်ကျနေပုံ။

“ဒီကောင်တွေ(Eurocopter 365) က ပြင်သစ်ထုတ် ဖြစ်မယ်ထင်တယ်။ ဦးတေဇတို့ ပူတာအိုကယ်ဆယ်ရေးမှာသုံးတဲ့ ရဟတ်ယာဉ်မျိုး။ သူ့ရှေ့ cockpit glass cover တွေက ကျည်မကာဘူး။ Mi-35 တို့ဘာတို့မှာက ကျည်ကာမှန် armor plate တွေပါတယ်။ မရှိ ၊ ရှိတဲ့လေယာဉ်တွေ အကုန်လုံးနီးပါးကို ဖြန့်ကျက်သုံးစွဲနေရလို့ စကစလေတပ် စစ်ပန်းနေပြီ” လို့ စစ်အင်ဂျင်နီယာအရာရှိဟောင်းတဦးက ပြောပါတယ်။

တပ်မမှူးလိုက်ပါလာတဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တာကြောင့် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး ၃ ဦးနဲ့ ဗိုလ်ကြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိတယ်လို့ KNU က သတင်းထုတ်ပြန်ထားသလို သေဆုံးသူတွေဟာ  တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ခမရ ၉ ယာယီတပ်ရင်းမှူး ဗိုလ်မှူး စိုးလွင်၊ ရဟတ်ယာဉ်ပိုင်းလော့ ဗိုလ်မှူး တိုးဦးတို့ အပါအဝင် ၅ ဦးသေဆုံးတယ်လို့ တပ်မ ၄၄ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

“ကျသွားတဲ့တပ်မမှူးအသစ်ကတော်က ဒေါ်လွင်ချောချောစံတဲ့ ကလေး ၂ ယောက်ရှိတယ်။ ကျိုက်ထိုမှာ အိမ်သစ်တက်ပွဲလုပ်တာ ရက်ပိုင်းပဲ ရှိသေးတယ်” လို့ တပ်မ ၄၄ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကရင်ပြည်နယ်တကျော့ပြန်တိုက်ပွဲတွေအတွင်း တိုက်ခိုက်ရေးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ တပ်တွေကို ကော်ဘရာနဲ့ပူးပေါင်းစစ်ကြောင်းက ခုခံရာမှာ ၂ နှစ်အတွင်း တပ်မမှူး ၁ ဦး၊ ဗျူဟာမှူး ၁ ဦး သေဆုံးပြီး တပ်မမှူး ၂ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။

နောက်ဆုံးအသစ်စက်စက် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် သေဆုံးပြီးတဲ့နောက် တပ်မ ၄၄ ထံ တပ်မမှူးထပ်မံမရောက်လာသေးပါဘူး။ ဘယ်သူတွေထပ်ရောက်လာပြီး ဘယ်လိုတွေ နိဂုံးချုပ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #တပ်မ၄၄ #တပ်မမှူး #စစ်တပ် #ကြည်းတပ် #ရဟတ်ယာဉ် #ကော်ဘရာတပ်ခွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10