မြွေအန္တရာယ်ပါကြုံနေရတဲ့ ကန့်ဘလူက စစ်ရှောင်တွေ

မြွေအန္တရာယ်ပါကြုံနေရတဲ့ ကန့်ဘလူက စစ်ရှောင်တွေ

ကန်ဘလူမြို့၊ ထန်းကုန်းတိုက်နယ်အတွင်းက အသက် ၆၁ နှစ်အရွယ် အမျိုးသားတဦးဟာ ဒီဇင်ဘာလ ၁၃ ရက်က မြွေကိုက်ခံရပြီး စစ်ကောင်စီရဲ့ည မထွက်ရအမိန်ကြောင့် လုံလောက်တဲ့ ဆေးကုသခွင့်မရပဲ အသက်ဆုံးရူံးခဲ့ရပါတယ်။

မြွေကိုက်ခံရပါက ၄ နာရီအတွင်း မြွေဆိပ်ဖြေဆေး ထိုးနှံပေးနိုင်ပါက ထိရောက်မှုအရှိဆုံးဖြစ်ပြီး ၁၂ နာရီကျော်ပါက ဆေးအာနိသင်လျော့ကျနိုင်တယ်ဆိုတာကိုကျန်းမာရေးအသိပညာပေးတွေအရ သိရှိပါလျက် စစ်ကောင်စီရဲ့ တင်းကြပ်ဖိနှိပ်တဲ့ တားမြစ်ချက်တွေ အောက်မှာ မသေသင့်ပဲ သေသွားရသူတယောက်ပဲ ဖြစ်ပါတယ်။

မြွေပူရာကင်းမှောက်ဆိုတဲ့ မြန်မာစကားပုံတခုလို အခုတော့ အညာကန့်ဘလူက ဒေသခံပြည်သူတွေဟာလည်း စစ်ကောင်စီရဲ့ရန်ကနေ စစ်ဘေးရှောင်နေကြရတဲ့အထဲ မြွေအအန္တရာယ်ကိုလည်း ထပ်တိုးလို့ ရင်ဆိုင်ကြရပြန်ပါတယ်။

"ဆောင်းရာသီက မြွေအကောင်ပေါက်များတယ်။ သူတို့တွေကိုက်ရင် မြွေဆေး ၃ လုံး ၄ လုံးလောက်ပဲထိုးရတယ်။ ဒါပေမယ့် အဆိပ်က သွေးပြန်ကြောထိရင် ခန္တာကိုယ်ထဲပြန့်နေရင်တော့ ဆေးပိုထိုးရတယ်။ အကောင်ကြီးပြီး ကိုက်ချက်ပြင်းရင် သွေးပြန်ကြောတို့ကျောက်ကပ်တို့ထိရင် အလုံး ၂၀ လောက်အထိ ထိုးရတယ်" လို့  ဒေသခံကျန်းမာရေးအတွေ့အကြုံရှိသူတဦးက ပြောပါတယ်။

တိုင်းပြည်အာဏာသိမ်းခံရပြီးနောက်ပိုင်း  နိုင်ငံအနှံ့ ခုခံစစ်ဆင်နွှဲနေတဲ့အထဲမှာစစ်ကိုင်းတိုင်းက ကန့်ဘလူနယ်သားတွေလည်း ပါဝင်ကြပါတယ်။ ကန့်ဘလူမြို့ဟာ ရွှေဘိုမြို့ရဲ့ မြောက်ဘက် ၄၆ မိုင်ကွာ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်မှာ တည်ရှိပြီး တောင်ဘက်မှာ ခင်ဦးမြို့နယ် အရှေ့ဘက်မှာ ဧရာဝတီမြစ် အနောက်ဘက်မှာ ကျွန်းလှမြို့နယ်နဲ့ အထက်ချင်းတွင်းနယ်စပ်တို့မှာ တည်ရှိတဲ့ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းတို့ကို အဓိကစိုက်ပျိုးရာမြို့နယ်တခုဖြစ်ပြီး ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်စတဲ့ တိုက်နယ် ၈ ခုနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းအပြီး ဆန္ဒပြပွဲတွေရပ်နားကာ ခုခံစစ်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့တမြို့ဖြစ်သလို စစ်ကောင်စီကို ထောက်ခံတဲ့ပျူစောထီးတွေ အားကောင်းတဲ့မြို့နယ် တခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်၊ ရွာလုံးကျွတ်မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် နေအိမ်စွန့်ခွာ ပုန်းရှောင်နေကြရပါတယ်။

အဲဒီအထဲကမှ ကန့်ဘလူ မြောက်ခြမ်းက ကိုးတောင်ဘို့ရွာမှာ ခမရ ၃၆၃ ကအထိုင်ချထားတာကြောင့်  ဂုံညင်းရိူ၊ မိဿလင်ကုန်း၊ ရှားတော၊ ကိုင်းမရွာနဲ့ အနောက်ဘက်က လျော်ဖြူကုန်း၊ ပေါက်ကုန်းစတဲ့ ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော်ဟာ  ၆ လကြာ စစ်ရှောင်နေရချိန်ကာလအတွင်းမှာ မြွေကိုက်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ရှောင်တွေဆိုပေမယ့် ပြည်သူတွေပဲ သီးသန့်ရှိနေတာမျိုးမဟုတ်ပဲ သူတို့ပိုင်ဆိုင်တဲ့ တပိုင်တနိုင် အသုံးအဆောင်အချို့နဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို နွားလှည်းတွေနဲ့တင်ဆောင်ပြီး စစ်ကောင်စီတပ်တွေနဲ့ဝေးရာမှာ ဖြစ်သလို တဲထိုးကာ ပုန်းရှောင်နေကြရတာပါ။

နေအိမ်တွေကနေ ရုတ်တရက်ပြေးလွှားလာကြရသူတွေဖြစ်လို့ အကာအကွယ်ပေးနိုင်တဲ့ တောစီး(ဖိနပ်လည်ရှည်)တွေလည်း ဝတ်ဆင်နိုင်ခြင်းမရှိတာကြောင့် ထင်းခွေ၊ ရေခပ်၊ နွားကျောင်း၊ စပါးရိတ်ရင်း ​မြွေကိုက်ခံရတာတွေလည်းရှိပြီး အများဆုံးဟာ စစ်ရှောင်ရင်း အကိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှစတင်ကာ နိုဝင်ဘာလ အထိ ၆ လတာအတွင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိပြီး အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၇ ဦး ပါဝင်ပါတယ်။ အဲဒီအထဲကမှ အမျိုးသား ၂ ဦးနဲ့ ၈ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၆ လတာအတွင်း နိုဝင်ဘာလမှာတော့ မြွေကိုက်ခံရမှု အများဆုံးဖြစ်ကာ  ၆ ဦးထိ အကိုက်ခံထားရပါတယ်။

အခုရရှိတဲ့အချက်အလက်တွေဟာ  ကန့်ဘလူမြို့နယ် မြောက်ခြမ်း ကိုးတောင်ဘို့တိုက်နယ်အတွင်းကို လာရောက်ကုသသူတွေရဲ့ စာရင်းသာဖြစ်ပြီး တမြို့နယ်လုံးစာရင်းရရှိပါက မြွေကိုက်ခံရသူဦးရေ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

မြွေပွေးအဆိပ်ပါဝင်မှုဟာ မြွေပွေး၏ အသက်အရွယ်ပေါ်မူတည်ပြီး အရွယ်ရောက်မြွေပွေးတကောင်က ထွက်ရှိတဲ့ မြွေဆိပ်မှာ မီလီဂရမ် ၁၃၀ ကနေ ၂၅၀ အထိ ရှိနိုင်ပြီးမြွေပွေးပေါက်တကောင်ကပင်လျင် ၄၅ မီလီဂရမ်အထိထုတ်လုပ်နိုင်ပြီး လူရဲ့သွေးအတွင်း မြွေပွေးအဆိပ် မီလီဂရမ် ၄၀ မှ ၇၀ အထိရောက်ရှိပါက အသက်ဆုံးရူံးနိုင်တယ်လို့ သိရပါတယ်။

မြွေဆိပ်ဖြေဆေးကို ဝယ်ယူရာမှာ ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတွေကနေ သယ်ယူရတာကြောင့် တခါတရံ ကျပ် ၉ သောင်းဝန်းကျင်သာ စျေးပေါက်တဲ့ BPI မြွေဆိပ်ဖြေဆေးတလုံးကို ကျပ် ၁ သိန်းခွဲကနေ  တသိန်းရှစ်သောင်းအထိ ပေးဝယ်ယူရတာမျိုးတွေရှိသလို  စစ်​ကောင်စီတပ်တွေရဲ့ အကြမ်းဖက်တာ ကန့်သတ်တာ ခြိမ်းခြောက်တာတွေလည်းရှိ​တယ်လို့ သိရပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေအခက်အခဲအပေါ်မူတည်ကာ စီးပွားရေးသမားအချို့ရဲ့ စျေးတင်မှုကြောင့် မြွေဆိပ်ဖြေဆေးတွေကို အဆမတန်စျေးပေးကာ ဝယ်ယူရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြွေကိုက်ဝေဒနာဟာ အလျင်အမြန်ကုသရတာဖြစ်တာမို့ စစ်ကြောင်းကို ရှောင်ကွင်းပြီး လွတ်ကင်းနိုင်လောက်တဲ့နေရာမျိုးကို ရွေးချယ်ကာ ကုသပေးရတာမျိုးတွေလည်း ရှိတယ်လို့ မြေပြင်ရင်းမြစ်တွေက ဆိုပါတယ်။

မြွေပွေးဟာ သစ်တောထူထပ်တဲ့နေရာတွေမှာ တွေ့ရလေ့မရှိဘဲ ချုံထူထပ်ရာကွင်းပြင် မြက်ခင်းပြင်နဲ့ စိုက်ပျိုးရေးခြံတွေ စတဲ့မထင်မှတ်တဲ့နေရာတွေမှာ တွေ့လေ့ရှိပြီး လူတွေရဲ့အနီးဝန်းကျင်မှာပဲ နေထိုင်တတ်တယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။

လက်ရှိမှာ မြွေကိုက်ခံရတဲ့လူနာတွေအတွက် မြွေဆိပ်ဖြေဆေး လိုအပ်နေဆဲဖြစ်ပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေ လိုအပ်နေဆဲလို့ ဆိုကြပါတယ်။


#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10