မွေ့တုံရွာက စစ်ရှောင်အမျိုးသမီးတွေကို NUG ထောက်ပံ့

မွေ့တုံရွာက စစ်ရှောင်အမျိုးသမီးတွေကို NUG ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို မတ်လ ၁၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက  ထောက်ပံ့မှုပေးခဲ့တယ်လို့ ပုလဲမြို့နယ် အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာအဖွဲ့ဆီက သိရပါတယ်။

မွေ့တုံကျေးရွာက မီးဘေးသင့် အမျိုးသမီး ၃၄ ဦးအတွက် ၁ ဦးကို ၆ သောင်းကျပ်နှုန်းကို ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာ တာဝန်ခံ၊ ပအဖ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့က တဆင့်ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးကာလ အစကတည်းက ၃ ကြိမ် မီးရှို့ခံရတဲ့ရွာက အမျိုးသမီးတွေပါ။ အခုထိအိမ်တွေ ပြန်မဆောက်နိုင်ကြဘူး။ မီးရှို့ခံလိုက်ရတဲ့ အိမ်တအိမ်စီက အမျိုးသမီးတွေကို တတ်နိုင်တဲ့ဘက်က ကူညီပေးရတာပါ" လို့ ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူ ငယ်ရေးရာတာဝန်ခံ မအိသူသူမောင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှိုခဲ့တဲ့ မွေ့တုံကျေးရွာမှာ အရင်က စုစုပေါင်းအိမ်ခြေ ၂၄၀ ရှိရာ စုစုပေါင်း အိမ်ခြေ ၂၂၀ မီးရှို့ခံလိုက်ရတာဖြစ်ပြီး လက်ရှိအချိန်အထိ အိမ်ပြန်မဆောက်နိုင်ကြပဲ ယာယီတဲတွေထိုးပြီး နေထိုင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

မွေ့တုံကျေးရွာကနေ စစ်ရှောင်နေရသူဦးရေ ၈၀၀ ခန့်ရှိပြီး သူတို့နေထိုင်ရာအနီးက ကျေးရွာတွေမှာ တောင်သူ နောက်လိုက်အလုပ်နဲ့ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်စားသောက်နေကြရပါတယ်။ 

ပုလဲမြို့နယ်အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာအဖွဲ့အနေနဲ့ မီးဘေးသင့်ပြည်သူ၊ စစ်ရှောင်ပြည်သူ၊ ကိုယ်ဆောင်မိခင်တွေအပြင် ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာလည်း တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးနေတယ်လို့ မအိသူသူမောင်က ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #စစ်ရှောင် #ထောက်ပံ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10