မှတ်ထိရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိ

မှတ်ထိရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိထားသလို ၁၇ ဦး ပျောက်ဆုံးနေတယ်လို့ အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရွှေဘိုကထွက်လာတဲ့စစ်ကြောင်းကို ဗိုလ်ကြီး မျိုးမင်းသူ (စစ်ကြောင်းမှူး) ၊ ဗိုလ်ကြီး နေမျိုးဦး (တပ်ခွဲမှူး)နဲ့  ဒုရဲမှူး ဇင်ကိုကို တို့က ဦးဆောင်ကာ အင်အား ၇၀ ခန့်နဲ့ ဇန်နဝါရီ ၃ ရက်မှာ စတင်ထွက်ခွာလာတာဖြစ်ပြီး ချောင်းဆုံကျေးရွာနဲ့ လည်ကိုင်းကျေးရွာတွေမှာ တညစီ ယာယီ တပ်စွဲခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်ပိုင်းလောက်မှာ လည်ကိုင်းရွာကနေထွက်လာပြီးနောက် ဝက်လက်အရှေ့ခြမ်း မှတ်ထိ ကျေးရွာနဲ့ မင်းကုန်းရွာကြားအရောက်မှာ တနေကုန်းနီးပါး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“သေဆုံးတဲ့အထဲမှာ အဲဒီဗိုလ်ပါမယ်။ အဲဒီဗိုလ်ဦးဆောင်တာဆိုတော့ သူတို့ကွပ်ကဲရေးအောက်က ရင်း ၂ ကပဲ အကုန်လုံးစစ်ဆေးတာတွေရော ဘာတွေရော၊ ရှင်းလင်းရေးလုပ်တဲ့အခါကျတော့ သူတို့ပဲသိမှာ ” လို့  ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်မှ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုတစုံတရာမရရှိခဲ့ဘဲ အပြန်အလှန်ပစ်ခတ်မှုအတွင်း ၂ ဦးသေဆုံးပြီး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်လက် ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဝက်လက်နယ်နဲ့ ရွှေဘိုမြို့နယ်ထဲမှာ  စစ်ရေးလှုပ်ရှားမှုတွေ ငြိမ်သက်နေတယ်လို့ ဆိုပါ တယ်။

အဆိုပါစစ်ကြောင်းကို ရွှေဘိုခရိုင်ကွပ်ကဲရေးမှူး ညွန်ကြားမှုနဲ့ ရွှေဘိုခရိုင်တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင်ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်မျိုးစုံ ၄၅ လက်နဲ့ ကျည်မျိုးစုံကိုလည်းသိမ်းဆည်းရရှိခဲ့သလို ဗုံးသီးမျိုးစုံ၊ ကျည်အိတ်မျိုးစုံ ၊ ကျည်ကာဦးထုပ် ၁၀ လုံး နဲ့ Jammer အကြီး ၁ ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရွှေဘိုမြို့ #ဝက်လက် #မှတ်ထိကျေးရွာ #မင်းကုန်းကျေးရွာ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10