မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ စားသုံးဆီလိုအပ်ချက်ရှိနေတဲ့ YPDF (ရုပ်/သံ)

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကရဲဘော်တွေ သူတို့စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းကို အခုလ ပထမအပတ်မှာ ရိမ်းသိမ်းနေကြတာပါ။ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါနယ်တောင်ပိုင်းမှာ မိုးဦးကျ ဇွန်လမအစောပိုင်းမှာ ဒေသမျိုးဖြစ်တဲ့ နှမ်းနီအမျိုးအစားကို ၈ ဧက စိုက်ပျိုးထားခဲ့ပြီး အခုလမှာ နှမ်းခုတ်တာ နှမ်းခါတာတွေကို ရဲဘော်တွေက လုပ်နေကြတာပါ။

နှမ်းစိုက်ခင်းတွေက တပ်ဖွဲ့စခန်းနဲ့ဝေးတာ၊ ကိုယ်ပိုင် ကျွဲ နွား မရှိတာအပြင် ပုံမှန်လိုမျိုး ယာတောမှာစိုက်ရတာမဟုတ်ဘဲ အင်တိုင်းတောမြေမှာစိုက်ရတာဖြစ်ပြီး ပြုစုစောင့်ရှောက်တာတွေမလုပ်နိုင်တဲ့အတွက် အခုနှစ်မှာ အထွက်နှုန်းကျတယ်လို့ YPDF ဥက္ကဌက ပြောပါတယ်။

နှမ်းကိုပုံမှန် စိုက်ပျိုးချိန်တွေမှာ ရာသီဥတုလည်းကောင်းပြီး ပြုစုစောင့်ရှောက်စိုက်ပျိုးရင် တဧကကို နှမ်း ၁၀ တင်းမှ ၁၅ တင်းအကြားထွက်ရှိတယ်လို့ ဆိုပါတယ်။

အခုနှစ် YPDF က ရဲဘော်တွေရဲ့စိုက်ခဲ့တဲ့ နှမ်းစိုက်ခင်း ၈ ဧကမှာ ၁ ဧကို ပျှမ်းမျှ ၁ တင်းခွဲဝန်းကျင်သာထွက်ရှိတဲ့အတွက် စုစုပေါင်း ၁၀ တင်းကျော်သာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီစိုက်ခင်းကထွက်လာတဲ့ နှမ်းတွေကို ကြိတ်ကာ တပ်ဖွဲ့ရိက္ခာတခုဖြစ်တဲ့ စားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်းဖို့ ရယ်ရွယ်ထားပေမယ့် ဆီလိုအပ်ချက်ရှိလာနိုင်တယ်လို့ YPDF ဥက္ကဌက ဆက်ပြောပါတယ်။

YPDF တပ်ဖွဲ့ဝင်တွေအတွက် တနှစ်စာ စားသုံးဆီ ပိဿာ ၄၀၀ နဲ့အထက်ကုန်ကျပြီး မျှော်မှန်းထားသလောက် နှမ်းအထွက်နှုန်းမရရှိတဲ့အတွက် ပြည်သူတွေဆီကို အကူအညီတောင်းရဖို့ရှိနေတယ်လို့ ဆိုပါတယ်။

ဂန်ဂေါနယ်တောင်ပိုင်း အင်တိုင်းတောအတွင်း စိုက်ပျိုးကြတဲ့ တခြားဒေသခံ နှမ်းစိုက်တောင်သူတွေမှာလည်း ကုန်ကျစားရိတ်များပြီး နှမ်းအထွက်နှုန်းနည်းပါးနေတာကြောင့် နှမ်းမသိမ်းနိုင်ကြတဲ့ တောင်သူတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ယောဒေသ #နှမ်းစိုက်ခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10