မှီခိုအမည်တပ်ခံထားရသော အိမ်ထောင်ဦးစီးများ (အက်ဆေး)

မှီခိုအမည်တပ်ခံထားရသော အိမ်ထောင်ဦးစီးများ (အက်ဆေး)

သူနာမည်က မအေး။ နာမည်အရင်းကို ကျမ မသိ။ ဘယ်တုန်းကမှလည်း မေးခဲ့ဖူးဘူး။ ကျမကတော့ သူ့ကို မအေးလို့ ခေါ်တယ်။ ရပ်ကွက်ထဲက တချို့က မိအေးလို့ခေါ်တယ်။ ဘယ်လိုပဲခေါ်ခေါ် မအေးက နာမည်သာ အေးတာ၊ သူဖြတ်သန်းနေရတဲ့ ဘဝကတော့ မအေးချမ်းပါဘူး။ 

နို့စို့ကလေးတဖက်၊ မူကြိုအရွယ်ကလေးတဖက်နဲ့ အိမ်ရှေ့ကနေ အမြဲဖြတ်သွားဖြတ်လာ လုပ်လေ့ရှိတဲ့ မအေးရဲ့ နေ့စဉ်ဘဝဟာ ရုပ်ရှင်ကြည့်နေရသလိုပဲ။ 

ရပ်ကွက်ထဲမှာ သောက်ရေခပ်ချင်ရင် မအေးကို ခေါ်ကြတယ်၊ အဝတ်လျှော်ချင်ရင် မအေးကို ခေါ်ကြ တယ်၊ တောက်တိုမယ်ရ လုပ်စရာရှိတာ လူငှားဖို့လိုရင် မအေးကို ခေါ်ကြပါတယ်။ တခါတလေ အုတ်သယ်၊ ကျောက်သယ်ကားပေါ်မှာလည်း မအေးကို အလုပ်သမအဖြစ်နဲ့ တွေ့ရ နိုင်တယ်။ 

တခါတလေ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မဆလာဗန်းသယ်နေတတ်တယ်။ အဲဒါတွေကို လုပ်နေရင်းကနေ အားတဲ့၊ နားတဲ့အချိန်မှာ အိမ်ကိုလည်း ပြန်ပြန်ပြေးလာပြီး အိမ်အလုပ်တွေကို လုပ်ရသေးတယ်။ 

ညနေခင်းဆိုရင် တနေကုန်အလုပ်လုပ်ပြီးရလာတဲ့ နေ့စားခနဲ့ ဆန် ၁ ထုတ်၊ ဆီ ၂၀ သား၊ နောက် တိုတိုထွာထွာ မုန့်ပဲသရေစာလေးတွေ ဝယ်ပြီး အိမ်ပြန်လာတယ်။ အိမ်မှာမွေးထားတဲ့ ဝက်တွေကို အစာကျွေးဖို့အတွက် ဝက်စာကျို၊ 

ကလေးနို့တိုက်၊ ချက်ပြုတ်လျှော်ဖွက် ဇယ်ဆက်သလို လုပ်နေတဲ့ မအေးဟာ တခါတခါမှာ လင်ယောကျ်ားရဲ့ ရိုက်နှက်တဲ့ဒဏ်ကို ခံရတယ်။ တခါတခါ အရက်မူးပြီးအိမ်ပြန်လာတဲ့ သူ့ယောကျ်ားဒဏ်ကို မခံနိုင်တဲ့အဆုံး သူကလည်း ပြန်ရိုက်ချင်ရိုက်ဖို့ ကြံမယ်၊ ပြန်အော်ဟစ်မယ်။ ဒါတွေဟာ ကျမတို့အိမ်ရှေ့က လမ်းမှာတလျှောက်မှာ မအေးတယောက်‌နေ့စဉ်ဖြတ်သန်းခဲ့တဲ့ တနေတာတွေပါ။ 

သူ့ယောကျ်ားက မြို့နဲ့ မလှမ်းမကမ်းက သစ်စက်တခုမှာ သစ်ထမ်းတဲ့ အလုပ်သမားတဦးပါ။ ကိုဗစ်ကာလကတည်းက ရပ်ထားရတဲ့ သစ်စက်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းလည်း ဆက်မလည်ပတ်နိုင်တော့ဘဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူတွေထဲက တယောက်ပေါ့။ 

ပုံမှန်အလုပ် မရှိတဲ့အခါ ကြုံရာကျပန်းလိုက်လုပ်ပေမယ့် သူ့ရဲ့ အချိန်တော်တော်များများက အရက်မူးနေတာပါပဲ။ မူးမူးနဲ့ အပျိုပေါက်အရွယ်သမီးနဲ့ သားကို စိတ်တိုင်းမကျရင် အော်ဟစ်ဆဲဆိုမယ်၊ လမ်းစုန်ပြီး တုတ်တချောင်းနဲ့ လိုက်ရိုက်မယ်၊ သူ့မိန်းမ မအေးနဲ့ သူတပြန်ကိုယ်တပြန် အော်ကြဟစ်ကြမယ်။ 

ကလေး ၄ ယောက် အမေ၊ အမူးသမားမယား မအေးရဲ့ တနေ့တနေ့ လုပ်နေတဲ့အလုပ်တွေဟာ ဇယ်ဆက် သလိုပါပဲ။ သူနားရတဲ့အချိန်ဟာ သူ့ရဲ့ နို့စို့ကလေးကို ခါးထစ်ခွင်ချီ၊ မူကြိုအရွယ် ကလေးကို ဘေးကထားပြီး ရပ်ကွက်ထဲက ဈေးဆိုင်မှာ မုန့်သွားစားတဲ့အချိန်ပါပဲ။ 

သူတို့အိမ်ရဲ့ စားသောက်နေထိုင်ရေးကိစ္စဝိစ္စတွေအတွက် မအေးက စီမံရတယ်။ ကလေးတွေ‌ မွေးရတယ်၊ ဝက်စာကျွေးရတယ်၊ ထမင်းအိုးထဲကို ဆန်ရောက်အောင် စီမံရတယ်၊ သူတတ်တဲ့ ဝင်ငွေရ အလုပ်မှန်သမျှ မနားမနေ၊ မညည်းမညူလုပ်တတ်တယ်။ 

ဘုရားခန်း မရှိ၊ အိပ်ခန်းမရှိ၊ မီးဖိုခန်းမရှိ၊ ဧည့်ခန်းမရှိတဲ့ မအေးတို့ရဲ့ ဓနိမိုး၊ ထရံကာ လေးတိုင်စင်ထက် နည်းနည်းပိုကောင်းတဲ့ အဲဒီအိမ်မှာ တကယ်တော့ မအေးရဲ့ ရာထူးက “မှီခို”ပါ။

ကျမတို့ရပ်ကွက်ထဲမှာ မအေး လိုမျိုး “မှီခို”တွေ ထုနဲ့ထေးရှိကြတယ်။ အဲဒီအထဲမှာ ဒေါ်တင်သိန်း အကြောင်းကတော့ ချန်လှပ်ထားလို့မရနိုင်ဘူး။ 

ခေါင်းပေါ်မှာ တခုမဟုတ် တခု အမြဲတမ်းရွက်ထားတတ်တဲ့ အရပ်ပု ပျက်ပျက်၊ အသားခပ်မွဲမွဲနဲ့ အမျိုးသမီးကြီးတယောက်ကို ကျမတို့မြို့ရဲ့ ဈေးမှာ၊ ရပ်ကွက်ထဲက လမ်းမတွေပေါ်မှာ၊ မြို့ထဲမှာ နေရာအနှံ့တွေ့ နိုင်တယ်။ သူ့ကိုတွေ့လိုက်ရင် ခေါင်းပေါ်မှာ တခု မဟုတ်တခု အမြဲလိုလို ရွက်ထား တတ်တယ်။ 

ငုံးဥပြုတ်၊ မြေပဲပြုတ်၊ ကန်စွမ်းဥပြုတ်၊ အာတာလွတ်ဥပြုတ် စသဖြင့် နွေဆို နွေအလျှောက်၊ မိုးဆို မိုးအလျှောက်၊ ဆောင်းဆိုလည်း ဆောင်းအလျှောက် ရာသီပေါ်သရေစာလေးတွေကို ပြုတ်လို့ တမျိုး၊ လှော်လို့တဖုံ အသင့်စားနိုင်အောင် ထုတ်ပိုးထားတဲ့ စုံစီနဖာလေးတွေကို တလမ်းဝင် တလမ်းထွက် ရောင်းချတာက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်။ 

ခန့်မှန်းပြောပြရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်ကတည်းက သူ့ကို ဒီလိုပုံစံနဲ့ မြင်ခဲ့ရတာလို့ ဆိုရပါမယ်။ 

မနက်မိုးလင်းလို့ ကျမတို့ အိပ်ယာနိုးချိန်လောက်မှာ သူက အိမ်နဲ့ ၁ မိုင်ကျော်လောက်ဝေးတဲ့ မြို့မဈေးကနေ ဈေးဝယ်ပြီး ပြန်လာလေ့ရှိတယ်။ ဈေးခြင်းတောင်းကို ခေါင်းမှာရွက်ပြီး ဈေးကပြန်လာတဲ့သူဟာ နေ့လယ်ပိုင်းလောက်မှာ နောက်တကြိမ်ထပ် အိမ်က ပြန်ထွက်တယ်။ တမြို့လုံးပတ်ပြီး ဈေးရောင်ပြီး ညနေစောင်းမှ အိမ်ပြန်လာတယ်။ 

သူရောင်းမယ့် သွားရည်စာလေးတွေကို ပြုတ်သင့်တာပြုတ်၊ လှော်သင့်တာလှော်ဖို့ ဝိုင်းကူညီပေးတဲ့ သူကတော့ သူ့ယောကျာ်းပါ။ သားသမီး ၂ ယောက်က မွေးထားတဲ့ မြေးတွေကို ထိန်းကျောင်းရင်း၊ စားအိုးကြီးတဲ့ သူတို့အိမ်အတွက်ဝင်ငွေကို ‌ဒေါ်တင်သိန်းက ဦးဆောင်ရှာဖွေပါတယ်။ 

အိမ်အတွက်လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်နဲ့ စားသောက်စရာတွေ ဝယ်နိုင်မယ့် ငွေကို ဈေးဗန်း ခေါင်းရွက်ပြီး ကျားကုပ်ကျားခဲ ရှာဖွေသလို၊ အဲပစ္စည်းတွေမှန်သမျှ အိမ်ပေါ်ရောက်ဖို့ အတွက်လည်း သူကပဲ ဈေးမှာ ဝယ်ခြမ်းပြီး သယ်ယူလာသူဖြစ်ပါတယ်။ 

သူ့ယောကျ်ားကတော့ ရပ်ကွက်မှာ ဆယ်အိမ်ခေါင်းရာထူး။ ရပ်ကွက်အလုပ်ကတော့ သိပ်ထွေထွေထူးထူး လုပ်စရာ မလိုဘူး။ တခါတရံ ဧည့်စာရင်းစစ်တာတို့၊ သန်းခေါင်စာရင်း စစ်တာတို့၊ မိခင်နဲ့ကလေးက ကာကွယ်ဆေးထိုးဖို့ လှမ်းအသိပေးတာတို့ စတဲ့ ကိစ္စမျိုးတွေဆိုရင် သူက လိုက်ကူညီပေးတယ်။ 

တခါသားမှာ ကျမတို့အိမ်မှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာစစ်တော့ ရပ်ကွက် အုပ်ချုပ် ရေးမှူးနဲ့ အဖွဲ့ထဲမှာ သူလည်းပါတယ်။ ကျမတို့အိမ်ကို အိမ်ထောင်စုဇယား တိုက်စစ်ချင်လို့ ဆိုပြီး ရောက်လာတော့ အိမ်ထောင်ဦးစီးနာမည်မေးတယ်။ အိမ်မှာက အိမ်ထောင်စုစာရင်းဝင် ယောကျာ်း နှစ်ယောက်ရှိတယ်။  ကျမအဖေနဲ့ ကျမအမျိုးသား ရှိတာကို သူသိတော့ ဘယ်သူ့ကို ထည့်မလဲ မေးတာမျိုးပေါ့။ 

အဲ့အချိန်မှာ မူလအိမ်ထောင်စုစာရင်းမှာ အိမ်ထောင်ဦးစီးအမည်ပေါက် ကျမအဖေက ရာသက်ပန် ဘုန်းတော်ကြီးဝတ်သွားပြီ။ ကျမအမျိုးသားက ဝင်ငွေရ အလုပ်တခုခု လုပ်မနေတာ တော်တော် ကြာခဲ့ပြီ။ ကျမရဲ့ အိမ်တွင်းမှုအသေးစားစီးပွားရေးလုပ်ငန်းမှာ တခါတရံဝိုင်းဝန်ကူညီပေးနေသူ။ ကျမ မိခင်က သက် ၇၀ ကျော်ဆိုတော့ တခုခုဆို ကျမဦးဆောင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အတွက် အိမ်ထောင်ဦးစီး နာမည်မေးတဲ့ အခါမှာ ကျမနာမည်ကို ပြောလိုက်တယ်။ 

“ကျမ နာမည်ထည့်လိုက် ဦးလေး၊ အိမ်မှာ ကျမ အိမ်ထောင်ဦးစီးပါ” ဆိုတော့ သူက ရယ်ကျဲကျဲနဲ့ ကျမကို ပြန်ကြည့်တယ်။ မြန်မာပြည်မှာ အိမ်ထောင်ဦးစီးဆိုတာ ယောက်ျားတွေဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်က သူ့အပြုံးထဲမှာ အပြည့်အဝရောနှောပါဝင်နေတာကို သူ့မျက်နှာအမူအယာပေါ်မှာ ကျမကောင်းကောင်း ဖတ်မိပါတယ်။ 

စာရွက်လှန်သလိုလို လုပ်နေတဲ့ ရပ်ကွက်စာရေးနဲ့ ဆယ်အိမ်ခေါင်းဦးလေးရဲ့ မျက်နှာကို ကြည့်ပြီး “ကျမယောက်ျား နာမည်ထည့်ချင်တာလား၊ သူ့နာမည်က (.....)ပါ” လို့ ကျမ ပြောလိုက်တယ်ဆိုရင် စိတ် ကျေနပ်သွားတဲ့ပုံနဲ့ သူတို့ ထည့်မှတ်ပြီး နောက်တအိမ်ကို ဆက်ထွက်သွားပါတော့တယ်။ ကျမတို့အိမ်ရဲ့ လစ်လပ်အိမ်ထောင်ဦးစီးနေရာမှာ ကျမထည့်ခွင့် မရလိုက်ဘူး။ 

အဲဒီအခိုက်အတန့်မှာ ယောက်ျားတစုရှေ့မှာ ကျမကိုယ်ကျမ အိမ်ထောင်ဦးစီးစာရင်းထဲထည့်မှတ်လို့ ရတယ်ဆိုတဲ့ကိစ္စကို ဘာကြောင့်တွန်းတွန်းတိုက်တိုက် မပြောမိဘဲ ကျမအမျိုးသားနာမည်ကို ထပ်ဖြည့် ပြောလိုက်မိသလဲဆိုတာ အခုပြန်တွေးကြည့်မိတယ်။ 

ထုံးစံဆိုတဲ့အရာပါ။ ကျမတို့တိုင်းပြည်မှာ ဘိုးဘေးဘီဘင်စွဲမှတ်ယူလာခဲ့တဲ့ ထုံးစံတွေရှိကြပါတယ်။ အဲဒီထုံးစံရဲ့ အရှိန်အဝါဟာ တော်တော်ကြီးတယ်။ အိမ်တအိမ်မှာ ယောကျ်ားတွေသာ အိမ်ထောင်ဦးစီး ဖြစ်သင့်တယ်ဆိုတဲ့ ထုံးစံဟာ ကျမကို အနည်းအကျဉ်းတော့ လွမ်းမိုးနေခဲ့တာဆိုတဲ့ အဖြေကို ရတယ်။  

အိမ်ထောင်ဦးစီး နာမည်မတပ်ရလည်း ဘာမှမဖြစ်တဲ့ကိစ္စပဲလေဆိုတဲ့ အလျှော့ပေး စိတ်ဟာ အဲဒီအချိန်ခါ တုန်းက ကျား၊ မ တန်းတူညီမျှရေး သဘောသဘာဝကို တီးမိခေါက်မိရှိတဲ့ ကျမလို ခေတ်လူငယ်အမျိုးသမီး တယောက်ရဲ့ မသိစိတ်ထဲမှာ ရှိနေခဲ့တယ်ဆိုတာ သွားတွေ့ရတယ်။ 

ဒီတော့ တနေ့စာကို တနေ့ ကြက်ယက်သလိုယက်ပြီးရှာဖွေစားသောက်နေရတဲ့ မအေးတို့၊ ဒေါ်တင်သိန်းတို့ကတော့ သူတို့ကိုယ်သူတို့ အိမ်ရဲ့စားဝတ်နေရေးကို ဦးဆောင်နေရလို့ အိမ်ထောင်ဦးစီး ဖြစ်ထိုက်သူဆိုတာ တွေးမိဖို့ ဝေးစွလို့ ဆိုရမယ်။ 

ကျမ မျက်စိထဲမှာတော့ သူတို့ ၂ ယောက်ဟာ သူတို့ အိမ်သားတွေစားဖို့ ထမင်းအိုးကို ဆူပွက်အောင် ဦးဆောင် ရုန်းကန်နေ တဲ့ အိမ်ထောင်ဦးစီးတွေပါပဲ။ မအေးရဲ့ အလုပ်အကိုင်ဟာ အနည်းဆုံးတော့ “ကျပန်း”ဖြစ်သင့်သလို၊ ဒေါ်တင်သိန်းရဲ့ အလုပ်အကိုင်က “ဈေးရောင်း”ဖြစ်သင့်တယ်။ 

ဒါပေမဲ့ တရားဝင်အိမ်ထောင်စုစာရင်းဆိုတဲ့ စာရွက်ပေါ်မှာ၊ တသက်လုံးကိုင်သွားရမယ့် မှတ်ပုံတင်ကဒ်ပြား ပေါ်မှာတော့ သူတို့ဟာ “မှီခို” တွေပါပဲ။ 

#မြေလတ်အသံ #အက်ဆေး #အိမ်ထောင်ဦးစီး #မှီခို #အမျိုးသမီး #အမျိုးသား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10