ယခင်နှစ်ထက်ရေရှားပါးတဲ့အညာမှာ တိုက်ပွဲတွေကြောင့် ရေရဖို့ခက်ခဲနေပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ဘုတလင်မြို့နယ်၊ မကွေးတိုင်း ပေါက်မြို့နယ်တို့မှာ ရေရှားပါးရုံမျှမကဘဲ ရေရဖို့အတွက် ခက်ခဲနေကြတယ်လို့ ဧပြီ ၅ ရက်မှာ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆီကသိရပါတယ်။

အရင်နှစ်တွေထက် အခုနှစ်မှာ စစ်ကြောင်းဝင်တာ၊ တိုက်ပွဲဖြစ်နေတာတွေကြောင့် သွားလာရတာ မလွယ်ကူဘဲ အသက်လုံခြုံရေးအတွက်ပါ စိုးရိမ်ရတဲ့အတွက် ရေရတဲ့နေရာတွေကို သွားလာသယ်ယူဖို့ အတွက်လည်း ခက်ခဲနေတာ ဖြစ်ပါတယ်။

ရေရဖို့အတွက် ၄-၅ မိုင်ကျော်ဝေးတဲ့နေရာတွေကို ရေစည်လှည်းနဲ့သွားရောက် သယ်ယူပြီး ရေလှောင်ထားရသလို လမ်းခရီးမှာ မိုင်းနင်းမိသူတွေ စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

" ရာသီဥတုမနှစ်ကထက် ပိုပူလာတယ်။ လူရေချိုးတဲ့အခါ အဲ့ရေကိုပြန်ခံပြီး တိရစ္ဆာန်ကိုရေတိုက်ရတယ်။ ရေအိုင်ထဲမှာ ရေခန်းလုနီးပါး ဖြစ်နေပြီ။ ရေတွင်းတူးဖို့ မတည်ငွေထည့် ထားပါတယ် " လို့ S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

အရင်နှစ်တွေက ရေတွင်းတူးဖော် ကန်ဆောက်လုပ်ပြီးသည်အထိ ၁ တွင်းကို သိန်း ၁၂၀ ခန့်သာကုန်ကျပြီး အခုနှစ် ရေတွင်း ၁ တွင်းတူဖော်ရာမှာ အပြီးအစီး ကုန်ကျစားရိတ် သိန်း ၂၀၀ ခန့်ရှိပြီး ဒေသ ၃ နေရာမှာ ရေတွင်း ၃ တွင်း တူးဖော်နိုင်ဖို့ S&C အဖွဲ့က သိန်း ၃၀ ကျပ် မတည်ထားတယ်လို့ သူကဆက်ပြောပါတယ်။

ရေးရှားပါးနေတဲ့အတွက် မသန့်စင်တဲ့ရေကို သုံးစွဲသောက်သုံးမိလို့ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အပူဖုတွေပေါက်တာ၊ ယားနာပေါက်တာတွေဖြစ်တတ်ပြီး ကျန်းမာရေးပါ ထိခိုက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်၊ ကိုင်းလယ်အုပ်စု၊ သပြေကုန်းကျေးရွာမှာတော့ ၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက ကျေးလက်ဦးစီးဌာနကတူးပေးထားတဲ့ ရေတွင်း ပျက်စီးသွားပြီး ရေရဖို့ခက်ခဲနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပေါက် #သောက်သုံးရေခက်ခဲ #S&C #ရေရှားပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10