ယခုလ ဒုတိယအပတ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ဂန့်ဂေါနယ်မှာ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ယခုလ ဒုတိယအပတ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ဂန့်ဂေါနယ်မှာ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ သြဂုတ်လ ဒုတိယအပတ်အတွင်း ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က မြောက်ခင်ရန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက ၁၂၀ မမလက်နက်ကြီးနဲ့ ရေသာကျေးရွာဘက်ကို ပစ်ခတ်ခဲ့လို့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁  ဦး ဦးခေါင်းထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ သြဂုတ် ၁၁ ရက်ကလည်း မြောက်ခင်ရန်းကျေးရွာကနေ ၁၂၀ မမလက်နက်ကြီး ၂ လုံးနဲ့ မြင်သားရွာဘက်ကို ပစ်ခတ်ခဲ့လို့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦးထိမှန်သေဆုံးသွားသလို  အသက် ၁၂ နှစ်အရွယ်ကလေး ၁ ဦး ဦးခေါင်းဘယ်ဘက်ခြမ်း လက်နက်ကြီးအစ ထိမှန်သွားပြီး  အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦး နဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသား ၁ ဦးတို့လည်း ထိမှန်သွားခဲ့တယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးကတည်း မြောက်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီတွေနဲ့ အထိုင်ချထားတာ အဲ့ဒီရွာမှာ ပျူတချို့လည်းရှိတယ်။ သူတို့ကိုလက်ခံတဲ့ ရွာသားတွေကတော့ ရွာထဲမှာကျန်နေခဲ့တယ်။ သူတို့ကို လက်မခံတဲ့ သူတွေကတော့ ရွာထဲကနေထွက်ပြေးနေတာ တနှစ်ကျော်နေပြီ။ မနေ့က လက်နက်ကြီးနဲ့ပစ်လိုက်တဲ့ မြင်သာရွာက ဒေသခံတွေလည်း ထွက်ပြေးနေရတာ သုံးလေးရက်လောက်ရှိနေပြီ” လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၁၃ ရက် မနေ့ မနက် ၉ နာရီကျော်လောက်မှာ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ကျေးရွာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ တောင်ခင်ရန်းကျေးရွာက နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးသွားသလို စခန်းထဲကလည်း ၈၀ မမ တွေ နဲ့ ပစ်ခတ်ခဲ့လို့ လူနေအိမ် ၂ လုံးထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။ 

“တောင်ခင်ရန်းရွာက အိမ်ခြေ ၅၀၀ ကျော်ရှိတယ်။  အခုလိုမီးရှို့ခံရတာ ၂ ကြိမ်လောက်ရှိပြီ။ ပထမမီးရှို့တဲ့နေ့ကိုတော့ မမှတ်မိတော့ဘူး။ ရဲစခန်းနားမှာရှိတဲ့ နေအိမ် ၃ လုံးကို မီးရှို့လိုက်တယ် လို့တော့ကြားတယ်။။ အခုကတော့ ရဲစခန်းနဲ့ နဲနဲဝေးတဲ့ နေရာကိုမီးရှို့တာ ။ ရွာထဲက ဒေသခံတော်တော်များများက ထွက်ပြေးနေရတာ  ၂ နှစ်လောက်ရှိပြီ” လို့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အလားတူ မြောက်ခင်ရန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း အဲ့ဒီရွာ နဲ့ ၄ မိုင်လောက်ဝေးတဲ့  မြင်သာကျေးရွာဘက်ကို မနေ့က မနက် ၁၀ နာရီကျော်လောက်မှာ   ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံပစ်ခတ် ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ဂန့်ဂေါ #စစ်ကောင်စီ #စစ်ရှောင် #လက်နက်ကြီးပစ်ခတ်မှု #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10