ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာတွေလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ်လမ်းဘေးမှာရှိတဲ့  ရဲတပ်ရင်း ၂၈ ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက် မနေ့ ည ၆ နာရီကျော်မှာ မီတာ ၃,၀၀၀(တမိုင်ကျော်)လောက်ကနေ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Salingyi Broder Task Force - SBTF တပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်ကလည်း ရွှေတောင်ဦးသီတဂူကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ၁၂၀၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ တိုက်ခိုက်ချိန်ဟာ နာရီဝက်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလိုအပြန်အလှန်ပစ်ခတ်ချိန်မှာ စစ်ကောင်စီဘက်က အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတချို့ရှိတယ်လို့ သိရပါတယ်။ 

“စစ်**တွေဘက်ကလည်း အသေအပျောက်တော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး” လို့  Salingyi Broder Task Force - SBTF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

အဆိုပါ ရဲတပ်ရင်းမှာ ရဲတပ်သား ၁၅ ဦးဝန်းကျင်သာရှိပြီး တပ်တွင်းထဲမှာ ပျူစောထီးတွေကို စစ်သင်တန်း ပေးနေတာကြောင့် ပျူစောထီးတွေလည်းရှိတယ်လို့ သိရပါတယ်။ 

သူတို့ဟာ ခရီးသွားပြည်သူတွေဆီကနေ အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့အတွက် အခုလို သွားရောက် ပစ်ခတ်ရတာဖြစ်တယ်လို့လည်း စွန်ရဲပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်း ဗိုလ်စွန်ရဲက ပြောပါတယ်။

“လမ်းသွားလမ်းလာတွေကို တအားဆက်ကြေးကောက်တာ များလွန်းလို့၊ နောက်ပြီး ပြည်သူတွေသွားလာနေတဲ့ ကားတွေ ဆိုင်ကယ်တွေ စစ်ဆေးမေးမြန်းလုပ်ပြီးမှ ငွေကြေးကောက်ခံတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေလို့ ကျနော်တို့ အခုလိုလုပ်ရတာပါ” လို့ ဗိုလ်စွန်ရဲက ပြောပါတယ်။

တိုက်ခိုက်မှုကို Salingyi Border Task Force - SBTF တပ်ဖွဲ့နဲ့အတူ ယင်းမာပင်၊ ဆားလင်းကြီး လက်နက်ကြီး တပ်ပေါင်းစုအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်ကလည်း SBTF တပ်ဖွဲ့ဟာ ဆားလင်းကြီး မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနဲ့ ဆေးရုံတို့ကိုလည်း လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပျူစောထီး #ဆက်ကြေးကောက် #ပစ်ခတ်တိုက်ခိုက် #ဗိုလ်စွန်ရဲ #SBTF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10