ယင်းမာပင်ခရိုင်တပ်ရင်း ၁ ရဲ့ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာအခြေစိုက်တဲ့  ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲ့ ကျဆုံးရဲဘော် ၆ ဦးအတွက် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို တပ်စခန်းတနေရာမှာ ဧပြီ ၁၆ သင်္ကြန်အတက်နေ့က ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ဗလက ပြောပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၁ ရဲ့ ကျဆုံးရဲဘော် ၆ ဦးဟာ  စစ်ကောင်စီနဲ့ တိုက်ပွဲအသီးသီးမှာ မတူညီတဲ့နေရာတွေမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ဩဂုတ်မှာ ၂ ဦးနဲ့ ဒီဇင်ဘာမှာ ၁ ဦး၊၂၀၂၃ ဇွန်မှာ ၁ ဦးကျဆုံးခဲ့ပြီး အခုနှစ် မတ် ၁၂ ရက်မှာ ၂ ဦး ထပ်မံ ကျဆုံးခဲ့တာလို့ သိရပါတယ်။

၂၀၂၂ ဩဂုတ်  ၂၂ ရက်မှာ  အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျော်ရှိန်းဦး ဖြစ်ပြီး ဩဂုတ် ၃၀ ရက်မှာ  အသက် ၁၈ နှစ် ရဲဘော်ရှိုင်းအောင်ဖြစ်ကာ အဲဒီနှစ် ဒီဇင်ဘာ ၂၁ ရက်မှာပဲ  အသက် ၂၆ နှစ် ရဲဘော် ‌အောင်ဖြိုးဝေ ထပ်မံ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ဇွန် ၇ ရက်မှာ  အသက် ၃၂ နှစ် ရဲဘော် အောင်မင်းဆန်း ကျဆုံးခဲ့ရပြီး အခုနှစ် မတ် ၁၂ ရက်မှာတော့  အသက် ၃၅ နှစ်ရဲဘော် ဆန်းဝင်းအောင်နဲ့ အသက် ၂၃ နှစ်အရွယ် ရဲဘော် ကျော်လွင်မိုးတို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ တိုက်ပွဲဝင်ရင်း ရဲဘော်တွေ အသက်ပေးဆပ်မှုတွေရှိနေသလို ဒါတွေကို လျစ်လျူရှုမထားကြဖို့ အာဏာရှင်အပြီးပြတ် အဆုံးသတ်နိုင်ရေးအတွက်ကို အားလုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း ဒီအခမ်းအနားကနေ ရဲဘော်ဗလက တိုက်တွန်းလိုက်ပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားမှာ ကျဆုံးရဲဘော်တွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ အလေးပြုတာ၊ ကုသိုလ်ကောင်းမှု အမျှပေးဝေခဲ့ကြပြီး အဲဒီနေ့မှာ ကျဆုံးရဲဘော်တွေရဲ့ မိဘတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #ကျဆုံး #ရဲဘော် #အောက်မေ့ဖွယ်အခမ်းအနား #ယင်းမာပင်ခရိုင်  #တပ်ရင်း၁

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10