ယင်းမာပင်ခရိုင် PDF အမှတ် ၁၂ တပ်ရင်းက ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေ

ယင်းမာပင်ခရိုင် PDF အမှတ် ၁၂ တပ်ရင်းက ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာအခြေစိုက်တဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း Guerilla Ranger တပ်ဖွဲ့ ဆေးအဖွဲ့ဟာ ဒဏ်ရာရရဲဘော်တွေအပြင် စခန်းနီးဝန်းကျင်က ဒေသခံပြည်သူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ဆေးအဖွဲ့တာဝန်ခံ CDM အထက်တန်းသူနာပြုဆရာမ မဖြိုးဖြိုးက ပြောပါတယ်။

သြဂုတ် ၁၃ ရက် ည ၉ နာရီခန့်က ဆေးရုံသွားရန်ခက်ခဲနေတဲ့ ပုလဲမြို့နယ်အတွင်းက သားဦးကိုယ်ဝန်ဆောင်မိခင်တဦးကို နေအိမ်အရောက်သွားရောက်ကာ အောင်မြင်စွာမွေးဖွားပေးခဲ့ပြီး ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ လက်နက်ကြီးထိမှန်ဒဏ်ရာရ အမျိုးသမီးလူနာ ၁ ဦးနဲ့  အထွေထွေလူနာ ၇၁ ဦးကို ကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

" လူနာတွေမှာက ရာသီတုပ်ကွေးနဲ့ အာရုံကြောရောင်တဲ့ရောဂါ အဖြစ်များတယ်။ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကိုတော့ တပ်ရင်းဝယ်ပေးတာရှိသလို နီးစပ်ရာမိတ်ဆွေတွေကို အလှူခံရတာလည်းရှိပါတယ်။ လတ်တလောမှာ တပ်ရင်းအနေနဲ့ လက်နက်ကြီးနဲ့ကျည်ကို အားစိုက်ဝယ်နေရတာမို့ သိပ်မထောက်ပံ့ပေးနိုင်ဘူးလို့ "ဆေးတာဝန်ခံမဖြိုးဖြိုးက မြေလတ်အသံကို ပြောပါတယ်။ 

လက်ရှိမှာ တိုက်ပွဲသုံးဆေးဝါးတွေနဲ့ အကိုက်ခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးအပြင် အစာအိမ်ဆေးတွေ လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ရဲဘော်တွေထဲက ပြင်းထန်ဒဏ်ရာရသူတွေကိုလည်း ရှေ့တန်းမှာပဲ သွေးထိန်းပတ်တီးစည်းနည်း၊ ရှေးဦးသူနာပြုစုနည်းတွေနဲ့ကုသပြီး NUG လက်အောက်ခံ မြို့နယ်အဆင့်ဆေးရုံကို လွှဲပေးတာတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းဆေးတပ်ဖွဲ့ကို ဆေးဝါးထောက်ပံ့လိုပါက ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းရဲ့ Guerilla Ranger facebook  page messenger ကနေဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။

ပုံစာ - ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းကဆေးဝါးကုသမှုမြင်ကွင်း။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #PDF #ဆေးတပ်ဖွဲ့ #ကျန်းမာရေးစောင့်ရှောက်မှု #ဆေးဝါးလိုအပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10