ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်ဦးရေ ၁၅,၀၀၀ ကျော်အထိတိုးလာ၊ စားနပ်ရိက္ခာလိုအပ်နေ

ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်ဦးရေ ၁၅,၀၀၀ ကျော်အထိတိုးလာ၊ စားနပ်ရိက္ခာလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၂၂ ရက်နဲ့ ဧပြီ ၅ ရက်တွေမှာ စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ရှောင်ပြည်သူ လူဦးရေထပ်တိုးလာတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ နဲ့ ဝမ်ပေါင်ကုမ္ပဏီစက်ရုံမှာရှိတဲ့ စစ်သားနဲ့ ရဲတွေက အင်အား ၁၂၀ ကျော်နဲ့ ညပိုင်းနဲ့ မနက်အစောပိုင်းမှာ စစ်ကြောင်းဝင်လာရာ ကျေးရွာပေါင်း ၂၀ ကျော်က စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ခန့်မှ ၁၅,၇၀၀ ကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာ မလုံလောက်ဘဲ အကူအညီလိုအပ်နေတယ်လို့ ပြည်သူမှ ပြည်သူသို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ကိုသက်ဦးက ဆိုပါတယ်။

"စစ်ကြောင်းက ပြန်မသွားဘဲ ရွာထဲမှာ တပ်စွဲထားတယ်။ စစ်ရှောင်တွေလည်း များလာတော့ စားဖို့ခက်ခဲတာပေါ့။ ကျနော်တို့လည်း ဆန်၊ ဆီ၊ ကုန်ခြောက်နဲ့အသီးအနှံတွေ နိုင်သလောက်ကူညီပေးပါတယ်" လို့ ကိုသက်ဦးက ပြောပါတယ်။

စစ်ကြောင်းက ရွာစဥ်လှည့်သွားလာနေသလို တချို့ရွာတွေမှာ ညအိပ်တပ်စွဲထားရာ ဂုဏ်တော၊ ရွာသာ၊ ဒုန်းတော၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး၊ ရေကြည်ပင်(၂)ရွာ၊ မြရိပ်၊ အောင်ချမ်းအေး၊ စည်လှောင်၊ အောင်ချမ်းသာ၊ အေးကုန်းစတဲ့ရွာတွေကပြည်သူတွေ နေရပ်မပြန်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မတ် ၂၂ ရက်က ဝင်လာတဲ့စစ်ကြောင်းအနေနဲ့ ကျေးရွာနေပြည်သူတွေကို စည်းရုံးရေးဆင်းတာဖြစ်ပြီး သတ်ဖြတ်၊ မီးရှို့တာတွေမလုပ်ဘဲ အေးချမ်းစွာ လုပ်ကိုင်စားသောက်ဖို့ စစ်သားတွေက ပြောနေတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

"ပြည်သူတွေကို သတ်တာ၊ အိမ်တွေမီးရှို့တာမလုပ်သေးပါဘူး။ ဖမ်းမိတဲ့သူတွေကိုလည်း ပြန်လွှတ်ပေး တယ်။ ဖုန်းတွေတော့ သိမ်ထားတယ်။ စည်းရုံးရေးဆင်းတာ ပြောတော့ မယုံလို့ မပြန်ရဲကြဘူး" လို့ ဆားလင်းကြီးက အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ရွာအတွင်းပြန်နေကြဖို့၊ ဈေးရောင်းပေးသူ မရှိလို့ ဈေးရောင်းပေးဖို့နဲ့ တောင်ယာ/ခြံ လုပ်ငန်းတွေ ပြန်လုပ်ကြဖို့ ပြောဆိုနေပေမယ့် နေရပ်မပြန်ရဲကြဘဲ စစ်ရှောင်နေရတာဖြစ်ပြီး စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ရှောင်ပြည်သူတချို့နှင့် ရိက္ခာကူညီပေးသူများကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ကြောင်းထိုး #စစ်ရှောင်ပြည်သူ #စားနပ်ရိက္ခာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10