ယင်းမာပင်နယ်ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၅,၀၀၀ ကျော် အိမ်မပြန်နိုင်သေး၊ အမျိုးသမီး ၁ ဦး သေဆုံး

ယင်းမာပင်နယ်ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၅,၀၀၀ ကျော် အိမ်မပြန်နိုင်သေး၊ အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်ကတပ်လာစွဲလို့ တိမ်းရှောင်ရတဲ့ဒေသခံတွေဟာ ရွာတွေထဲကိုပြန်ဝင်မရသလို လက်နက်ငယ်နဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ အမျိုးသမီးတဦးလည်းသေဆုံးခဲ့တယ်လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုပြန်ကြားရေးတာဝန်ခံ ရဲဘော်မောင်တူးက ပြောပါတယ်။ 

ယင်းမာပင်မြို့နယ်က စည်သူ၊ သံဘိုနဲ့ အင်းဖျားကျေးရွာတွေကို ဩဂုတ် ၆ ရက် မနေ့မနက်အစောပိုင်းက စစ်တပ်ကတပ်လာစွဲလို့ အဲဒီရွာတွေအပြင် စုန်းချောင်း၊ ပန်းထိမ်ပြင်နဲ့ ကျောက်မှော်ရွာတွေက ဒေသခံ ၅,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ရတာလို့ ဆိုပါတယ်။

အဲဒီစစ်တပ်တွေဟာ ယင်းမာပင်မြို့နယ် အောင်ဇေယျကုန်းက စစ်တပ်နဲ့ မုံရွာကနေ ရေကြောင်းကလာတဲ့ စစ်တပ် ၂ ဖွဲ့ပေါင်း အင်အား ၁၅၀ လောက်နဲ့ ရွာတွေထဲကို ပစ်ခတ်ဝင်ရောက်လာချိန်မှာ စုန်းချောင်းရွာက အသက် ၅၀ နှစ် အရွယ်အမျိုးသမီးတဦးကို လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“စစ်တပ်က ကျေးရွာ ၃ ရွာမှာဖြန့်ပြီး တပ်စွဲထားလို့ ရွာထဲပြန်မဝင်ရသေးဘူး။ တချို့လည်း ကနီနယ်ဘက်ကို ရှောင်တာရှိသလို စစ်ကြောင်းနဲ့ လွတ်မယ့်ရွာတွေဘက်ကိုသွားကြတာလည်းရှိတယ်။ စစ်ကြောင်းလာမယ် သတင်းရလို့ ည(ဩဂုတ် ၅ ရက်)ကတည်းက ကြိုရှောင်သူတွေလည်း ရှိတယ်“ လို့ ရဲဘော်မောင်တူးက ပြောပါတယ်။

စစ်ကြောင်းရွာထဲရောက်ချိန်မှာလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိပြီး လက်ရှိ အချိန်အထိရွာတွေထဲက အခြေအနေကိုနေကို မသိရသလို စစ်ရှောင်တွေပြန့်ကျဲနေလို့ သေဆုံးတဲ့ အမျိုးသမီးသတင်းကိုလည်း အသေးစိတ်မသိရဘူးလို့လည်း ဒေသခံတဦးကပြောပါတယ်။

အဲဒီစစ်ရှောင်ရွာတွေထဲက စုန်းချောင်းရွာကို ပြီးခဲ့တဲ့ဇူလိုင် ၂၁ ရက် မနက် ၂ နာရီလောက်မှာ စစ်တပ်က တိတ်တဆိတ်ဝင်ရောက်စီးနင်းလို့ တော်လှန်ရေး ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၈ ဦးအပါ ၁၄ ဦး သေဆုံးခဲ့ရပါသေးတယ်။

ပုံစာ - ယင်းမာပင်နယ်က စစ်ရှောင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း၊ #ယင်းမာပင်မြို့နယ်က #စည်သူ၊ #သံဘို #အင်းဖျား #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10