ယင်းမာပင်နယ်က PDF တပ်စိတ်မှူး ပစ်သတ်ခံရပြီး ရဲဘော်တဦးပါ အဖမ်းခံရ

ယင်းမာပင်နယ်က PDF တပ်စိတ်မှူး ပစ်သတ်ခံရပြီး ရဲဘော်တဦးပါ အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ PDF တပ်စိတ်မှူးတဦးကို စစ်အုပ်စုက ပစ်သတ်ပြီး ရဲဘော်တဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုက သြဂုတ် ၅ ရက်မနေ့ညပိုင်းက သတင်းထုတ်ပြန်လာပါတယ်။ 

သူတို့  ၂ ဦးအပါအဝင် ၃ ဦးက ယင်းမာပင်နယ်ထဲကနေ တာဝန်နဲ့ ခရီးထွက်လာချိန် မုံရွာမြို့နယ်၊ သပြေစုရွာအနီး သြဂုတ် ၁ ရက်ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ခုလို ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကာ တဦးကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"စစ်တပ်စစ်ကြောင်းက ကိုင်းတောရွာကနေစထိုးတော့ စစ်ကြောင်းကိုရှောင်ရင်း ထိပ်တိုက်တိုးတာဗျ။ ဖမ်းဆီးခံရတဲ့ရဲဘော်က အဆက်အသွယ်ပြတ်နေတယ်။ ကျဆုံးရဲဘော်ကိုတော့ မုံရွာနယ်ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဲ့ဒီ (သြဂုတ် ၁) ညနေမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်" လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်မောင်တူးက ပြောပါတယ်။

ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုက အသက် ၂၆ နှစ်အရွယ် တပ်စိတ်မှူး MZO ပစ်သတ်ခံရပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁ က ရဲဘော်တဦး ဖမ်းဆီးခံခဲ့ရတာပါ။ 

 သေဆုံးသူအတွက် ရက်လည်ဆွမ်းသွပ်တာကိုတော့ ယင်းမာပင်နယ်မြေအတွင်း တည်ငြိမ်မှုမရှိသေးတဲ့အတွက် ပြုလုပ်နိုင်ခြင်းမရှိသေးဘူးလို့ ရဲဘော်မောင်တူးက ဆိုပါတယ်။

လက်ရှိ ယင်းမာပင်မြို့နယ်ထဲမှာ ဒီမနက် ဩဂုတ် ၆ ရက် အစောပိုင်းကစလို့ မြို့ပေါ်အထိုင်စစ်တပ်နဲ့ မုံရွာကနေ ရေကြောင်းနဲ့လာတဲ့စစ်သားတွေ အပါအဝင် စုပေါင်းအင်အား ၁၅၀ လောက်က စစ်ကြောင်းထိုးနေလို့ စုန်းချောင်း၊ စည်သူ၊ သံဘို၊ ပန်းထိမ်ပြင်၊ ကျောက်မှော် စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀၀ လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ - အသတ်ခံရသည့် တပ်စိတ်မှူး MZO ။

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #ယင်းမာပင် #တပ်စိတ်မှူး #ရဲဘော် #ပစ်သတ် #ဖမ်းဆီး #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10