ယင်းမာပင်နဲ့ ကျွန်းလှနယ်က ပန်းသပိတ်နဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ယင်းမာပင်နဲ့ ကျွန်းလှနယ်က ပန်းသပိတ်နဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နဲ့ ကျွန်းလှမြို့နယ်အတွင်းမှာ သက်ဆိုင်ရာဒေသတွင်း တောလှန်ရေးအဖွဲ့တွေက ဇွန်လ ၁၉ ရက်ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေ့နေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ပါဝင်လှုပ်ရှားခဲ့တဲ့ အဖွဲ့တွေဆီက သိရပါတယ်။ 

ယင်းမာပင်မြို့နယ်အတွင်းမှာတော့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဦးဆောင်ကာ ဇွန်လ ၁၉ ရက်ဒီမနက်ပိုင်းမှာ သပိတ်စစ်ကြောင်းထွက်ခဲ့ကြပါတယ်။ 

"စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ ဒေသတွင်း သပိတ်စစ်ကြောင်းတွေပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အမေစုရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒေသတွင်းကတော်လှန်ရဲဘော်တွေက အကြိုပန်းသပိတ် လုပ်ခဲ့ပါတယ်"လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီမှ ဦးဆောင်သူက ပြောပါတယ်။

အကြိုပန်းသပိတ်ကိုတော့ ဇွန်လ ၁၈ ရက်မနေ့က ညနေပိုင်းမှာ ပြုလုပ်ခဲ့ကာ တောလှန်သီချင်း သီဆိုတာ၊ တေးသရုပ်ဖော်တွေ ကပြခဲ့ပြီး ဒီနက်ပိုင်းမှာတော့ ၈၂၀ ရက်မြောက် သပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

သပိတ်မှာ ပါဝင်သူတွေကလည်း "ဗေဒါပြန်အံကိုခဲ ပန်းပန်လျက်ပဲ၊ တော်လှန်ပန်းတွေလွင့်ပျံ အမျိုးသမီးထုအားမာန်၊ ပုခက်လွှဲသောလက်များက ကမ္ဘာကိုကိုင်လှုပ်နိုင်ရမည်" စတဲ့ စာသားပါဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး တော်လှန်ဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ကြပါတယ်။ 

အလားတူ ကျွန်းလှမြို့နယ်အတွင်းမှာလည်း ကျွန်းလှမြို့နယ်သပိတ်ကော်မတီဝင်တွေနဲ့ လူငယ်တွေပူးပေါင်းပြီး ဒီမနက်ပိုင်းမှာ မွေးနေ့အထိမ်းအမှတ်အဖြစ် အာဏာရှင်ဆန်းကျင်ရေး ပန်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ 

"ယနေ့ အမေစုရဲ့ မွေးနေကနေ နောင်လူငယ်တွေ အမေရဲ့ နိုင်ငံအပေါ်ထားတဲ့ စေတနာနဲ့မေတ္တာကို သိဖို့ နိုင်ငံရေးဆိုတာဘာလဲ သိဖို့လိုတယ်။ စစ်အာဏာရှင်စနစ်နဲ့ ဆိုးဝါးပုံတွေကို သိဖို့လိုတယ်"လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးက ပြောပါတယ်။

ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ ဒီမိုကရေစီပန်းတိုင်အတွက် စွန့်လွှတ်အနစ်နာခံတဲ့ အမေစုရဲ့အနစ်နာခံတာတွေကို လူငယ်တွေသိရှိဖို့ ရည်ရွယ်ပြီးတော့လည်း ပြုလုပ်ရတာလို့ သူကဆက်ပြောပါတယ်။

သပိတ်မှာပါဝင်တဲ့ လူငယ်တွေက နိုင်ငံရေးသဘောတရား မျှဝေဟောပြောတာ၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဘုရားဆီမှာ ပန်းကပ်လှူပြီး မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #ကျွန်းလှ #ပန်းသပိတ် #အာဏာရှင်ဆန့်ကျင်ရေးသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10