ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တပ်ရင်း ၁၊ ခရိုင်တပ်ရင်းအမှတ် ၃၆ က ရဲဘော်ဆေးမှူးဟာ တပ်စခန်းမှာတင်မကဘဲ အနီးနားကျေးရွာက ပြည်သူတွေကိုပါ လိုက်လံကုသပေးနေတယ်လို့ သိရပါတယ်။

ဆေးကုရာမှာ တပ်ရင်းတပ်ဖွဲ့နဲ့ စစ်ရှောင်မိသားစုတွေအပြင် အနီးနားရွာက ပြည်သူတွေအပါ လူဦးရေ ၃၀၀၀ ကျော်ကို ကုသရေးတာဝန်ယူထားရပြီး၊ တရက်ပျမ်းမျှ လူနာ ၈ ဦးခန့်နဲ့ ရာသီပေါ်ဖျားနာဖြစ်ပွားချိန်မှာ တရက်လူနာ ၂၀ ကျော်လောက် ကုသပေးရတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေ အခုလိုဒုက္ခမျိုးစုံရောက်နေတဲ့အချိန်မှာ ကျန်းမာရေးလိုအပ်ချက်တွေကို တတ်နိုင်တဲ့ဘက်က ဆေးကုသပေးနေရတာလို့ ယင်းမာပင်မြို့နယ် တပ်ရင်း ၁၊ ခရိုင်တပ်ရင်းအမှတ် ၃၆ ၊ PDF ဆေးမှူးက မြေလတ်အသံကို ပြောပါတယ်။

"ရဲဘော်တွေလိုအပ်ချက်တွေကို ပြည်သူတွေအဆင်ပြေတုန်းက ကူညီပေးခဲ့တယ်။ အခုပြည်သူတွေ ဒုက္ခအခက်အခဲရောက်နေတော့ ဥပက္ခာမပြုနိုင်ပါဘူး။ ကျနော်တတ်နိုင်တဲ့အပိုင်းက ဆေးကုသစောင့်ရှောက်ပေးသွားမယ်" လို့ သူကပြောပါတယ်။

ယင်းမာပင်နယ်က ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်တာ၊ ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့နေတာတွေကြောင့်  ရွာမပြန်ကြဘဲ တောထဲနဲ့ တောင်ယာတောတွေမှာ တဲထိုးနေထိုင်နေကြတဲ့ စစ်ရှောင်မိသားစုဝင်တွေကို လိုက်လံဆေးကုသပေးဖြစ်တယ်လို့ဆိုပါတယ်။

"ဆေးကုတော့ ကျနော်တယောက်တည်း ကုပေးတာပါ။ ရဲဘော်တွေမှာ ဝဲ၊ ယားနာ၊ အစာအိမ်ဝေဒနာ၊ တိုက်ပွဲမှာထိခိုက်ဒဏ်ရာရတာတွေ ကုပေးရတယ်။ ဒဏ်ရာပြင်းထန်ရင်တော့ သီးသန့်ကုသပေးတဲ့ ဆရာဝန်ဆီ လွှဲပို့ပေးရတယ်။ ပြည်သူတွေက ဝမ်းပျက်ဝမ်းလျှောတို့၊ ဖျားနားတာ၊ သွေးတိုးဝေဒနာတွေ ကုပေးရတာများပါတယ်" လို့ ဆေးမှူးက ပြောပါတယ်။

တပ်ရင်းဆေးခန်းကို ၅ မိုင်ခန့်ဝေးတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ လာရောက်ဆေးကုသတာရှိသလို အဲဒီရွာတွေကို တယောက်တည်း သွားပြီးကုသပေးတာအပြင် စစ်ရှောင်ပြည်သူတွေရှိတဲ့ တောထဲအထိ သွားရောက်ကုသပေးနေတယ်လို့ ဆက်ပြောပါတယ်။

အနီးနားကရွာတွေနဲ့ စစ်ရှောင်မိသားစုတွေကို ဆေးကုတဲ့အခါ လမ်းခရီးနဲ့ ရာသီဥတုပေါ်မူတည်ပြီး ဆင်၊ ဆိုင်ကယ်၊ ခြေလျင်သွားရတာရှိသလို လူနာများတဲ့အခါ ရဲဘော်တချို့ကဆေးအိတ်တွေ ထမ်းပိုးပြီးတော့ သွားလာကုသရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဆေးမှူးက ယင်းမာပင်ခရိုင် ဇာတိဖြစ်ပြီး၊ ယခင် အစိုးရဝန်ထမ်းလုပ်ကိုင်ခဲ့တာမဟုတ်ဘဲ၊ Health Assistant အနေနဲ့ အစိုးရမဟုတ်တဲ့ NGO ၊ INGO အဖွဲ့တွေမှာလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။

"တောခိုတယ်ဆိုတာ တိုက်ပွဲဝင်ဖို့ တခုနဲ့လာတာပါ။ သေနတ်ကိုင်တိုက်ဖို့ပဲ အာရုံရှိတယ်။တော်လှန်ရေး ကြာလာတဲ့အခါ တပ်ရင်းမှာလိုအပ်ချက်ရှိနေလို့ ဆေးကုတဲ့ တာဝန်ကိုယူထားရလို့ ကျေနပ်မိပါတယ်" လို့ ပြောပါတယ်။

ယင်းမာပင်မြို့နယ် တပ်ရင်း ၁၊ ခရိုင်တပ်ရင်းအမှတ် ၃၆၊ ကို ၂၀၂၁ ခုနှစ် မတ်လကစတင်လို့ ဖွဲ့စည်းလာနိုင်ပြီး၊ အစောပိုင်းမှာ ပြည်သူတွေလှူထားတဲ့ ဆေးဝါးပစ္စည်းတွေ မသုံးတတ်ကြလို့ အများကြီးရှိနေပြီး၊ ရဲဘော်ဆေးမှူးတာဝန်ယူပြီး ကုသပေးခဲ့ရာက အခုအချိန်မှာတော့ ဆေးဝါးရှားပါးလာပြီလို့ ဆိုပါတယ်။

ဆေးဝါးထောက်ပံ့တာက တိကျတဲ့ပုံစံမျိုးလည်းမရှိသလို ဆေးကုသူတွေဆီက အလှူခံတာမျိုးလည်းမရှိဘဲ၊ ကျန်းမာရေးရော ပညာရေးကဏ္ဍအတွက်ပါ တပ်ရင်းရံပုံငွေထဲက မျှသုံးနေရတော့ လက်နက်ခဲယမ်းပိုင်းမှာ အားနည်းလာတယ်လို့ ဆက်ပြောပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး ရင်နှီးတဲ့မိတ်ဆွေတွေက ဆေးဝါးကူညီထောက်ပံ့တာ၊ Mobile Team ကဆရာတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာနဲ့ ၂ လတခါ ငါးသိန်းဖိုးလောက် ဆေးပစ္စည်းအကူအညီရတာ ရှိပေမယ့် ဆေးကုသရတဲ့ရဲဘော်တွေ ပြည်သူတွေများလို့ လုံလောက်မှုတော့မရှိပါဘူးလို့ ဆိုပါတယ်။

ရဲဘော်တွေမှာ အပြင်းထန်ဆုံး ရောဂါအနေနဲ့ ငှက်ဖျားရောဂါကြုံတွေ့ရပြီး၊ ဆေးကချက်ချင်းသုံးစွဲကုသရတာဖြစ်လို့ လုံလောက်မှုမရှိဘဲ၊ အခုလိုဆေးကုသရာမှာ အရေးကြီးဆုံးအဖြစ် ငှက်ဖျားပျောက်ဆေးနဲ့ ဆေးရည်စိမ်ခြင်ထောင်တွေ အဓိကလိုအပ်နေပြီး၊ အကိုက်အခဲပျောက်ဆေး၊ ဒိုင်ကလိုလိမ်းဆေး၊ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ ဓာတ်ဆားထုပ် ၊ Drip ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

ရဲဘော်ဆေးမှူးအနေနဲ့ ဆေးကုသတာအပြင် တပ်ရင်းစိုက်ခင်းကရလာတဲ့ဟင်းသီးဟင်းရွက်တွေကို ဝေမျှပေးတာရှိသလို၊ ကလေးငယ်တွေကိုလည်း စာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

 

စာတည်း - 007

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ဆေးမှူး #ကျန်းမာရေ #ပညာရေး #စစ်ရှောင် #ဆေးဝါးပစ္စည်း #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10