ယမ်းပုံကြားက ပန်းတောင်းဒေသ (သတင်းဆောင်းပါး)

ယမ်းပုံကြားက ပန်းတောင်းဒေသ (သတင်းဆောင်းပါး)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် ရခိုင်ပြည်နယ်တခုလုံးနီးပါးကို အာရက္ခတပ်တော်-AA က သိမ်းပိုက်ထားပြီးနောက် ပဲခူးတိုင်းအနောက်ခြမ်းရဲ့နယ်ခြား ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းပေါ်အထိ ရောက်ရှိလာတဲ့ တိုက်ပွဲတွေကြောင့် ပန်းတောင်းမြို့နယ်အတွင်း စစ်မီးတောက်လာတော့မလားဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်ချက်တွေ ရှိလာပါတယ်။

ဇန်နဝါရီဆန်းပိုင်းမှာ ရခိုင်ရိုးမပေါ် တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော်-AA က ဆက်လက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဆက်စပ်နေရာဖြစ်တဲ့ ပန်းတောင်းမြို့နယ်ထဲက ဥသျှစ်ပင်မြို့ ဒေသခံတချို့ နေရပ်စွန့်ခွာပြောင်းရွှေ့တာတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့်လည်း ဥသျှစ်ပင်မြို့ခံ တွေဟာ အခုလို အခြားမြို့နယ်တွေဆီ တဖြည်းဖြည်းရွှေ့ပြောင်းနေကြတာပါ။

ဥသျှစ်ပင်မြို့ဟာ ရခိုင်ရိုးမတောင်ခြေမှာရှိနေတဲ့ ပန်းတောင်းမြို့နယ်ထဲက မြို့တမြို့ဖြစ်ပြီး ၂၀၁၈ လူဦးရေ စာရင်းအရ လူဦးရေ တသောင်းကျော်နေထိုင်ကြပါတယ်။ 

တိုက်ပွဲဖြစ်ပွားတာ၊ ပစ်ခတ်သံတွေ မကြားရသေးပေမယ့် လက်ရှိ ဥသျှစ်ပင်မြို့ပေါ်မှာတော့ လူအသွားအလာ နည်းပြီး တိတ်ဆိတ်နေတယ်လို့ သိရပါတယ်။ 

“အခုက လူကြီးတွေကို ရွှေ့ကြတာပေါ့။ ပိုက်ဆံရှိတဲ့မိသားစုတွေပေါ့။ ဘယ်လိုဖြစ်လဲဆိုတော့ လူကြီးတွေ ကျတော့ ဖြစ်တာ၊ မဖြစ်တာထက် အသံကြားရင်တောင် သေနိုင်တယ်ပေါ့။ ကားဘီးပေါက်တာတောင် ကြောက်ကြတာမျိုးဖြစ်နေတော့ ရွှေ့ကြတာ၊ ကြိုပြင်ထားရတာပေါ့။” လို့  ဥသျှစ်ပင်မြို့ခံတဦးက ပြောပါတယ်။ 

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ကဒေသခံတွေ အခုလိုတဖြည်းဖြည်းချင်းပြောင်းရွှေ့နေကြတဲ့နောက်ထပ် အချက်တခုက ဥသျှစ်ပင်မြို့ဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းတွေထုတ်လုပ်တဲ့ ကပစ ၆ စက်ရုံ အနီးဆုံးမှာရှိနေတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

လက်ရှိ စစ်ရေးအခြေအနေတွေအရ တိုက်ပွဲတွေပြင်းထန်လာပါက ယမ်းထုတ်လုပ်ရေးစက်ရုံတွေ ပေါက်ကွဲပြီး ဒေသခံတွေနေထိုင်တဲ့ နေရာတွေကိုပါ ကူးစက်ပေါက်ကွဲမှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အခုလို ပြောင်းရွှေ့တာတွေ လုပ်လာတာလို့ ဥသျှစ်ပင် မြို့ခံတွေက ဆိုပါတယ်။ 

ကပစ ၆ စက်ရုံဟာ ဥသျှစ်ပင်မြို့နဲ့ကပ်လျက်ရှိနေတာဖြစ်ပြီး မြို့ရဲ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာလည်း ကပစ ၉ စက်ရုံရှိနေတာဖြစ်ပါတယ်။ 

“အဲ့နှစ်ခုက ပြည်နဲ့ ရွှေတောင်လောက်ပဲခြားတာ တိုက်ပွဲဖြစ်ရင် အဲ့ယမ်းချက်တာတွေက သယ်သွားလို့ မရဘူး။ တကယ်လာတိုက်ရင်လည်း အင်အားသိပ်မရှိတော့ ပါသွားမှာစိုးပြီး 'မစားရတဲ့အမဲ သဲနဲ့ပက်' ဗုံးကြဲလိုက်မှာကို ကြောက်ကြတာ။” လို့ ဥသျှစ်ပင်မြို့ခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ ကပစ စက်ရုံတွေဟာ ဥသျှစ်ပင်မြို့အနီးက ကပစ ၆ နဲ့ ကပစ ၉ အပါအဝင် ပန်းတောင်းမြို့နယ်အတွင်းမှာ ကပစ တပ် ၇ ခု တည်ရှိနေတာပါ။ 

အဲဒီ ကပစ တပ်တွေမှာ ယမ်းချက်စက်ရုံအကြီးတွေအများအပြားရှိပြီး စစ်ကောင်စီတပ်အတွက်လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ 

ပန်းတောင်းနယ်ထဲမှာ ဆင်တဲ ကပစ ၃ ၊ ကမြိုင် ကပစ ၅၊ ညောင်ခြေထောက် ကပစ ၆ ၊ ကျောက်ဖူး ကပစ ၉၊ မသုန် ကပစ ၁၆ ၊ ပျဉ်ကြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း(ကထက)၊ ထုံးဘို တကစ ၃ (အကြီးစားစက်ရုံ) ကပစတပ် ၇ ခု တည်ရှိပါတယ်။ 

ကပစ ၃ က စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုး၊ ကပစ ၅ က စက်ရုံမှူး ဗိုလ်မှူးချုပ် ထွေးလှ၊ ကပစ ၆ စက်ရုံမှူး ဗိုလ်မှူးကြီး တိုးလွင်၊ ကပစ ၉ စက်ရုံမှူး ဗိုလ်မှူးကြီး တင်မောင်ချို၊ ကထက သင်တန်းကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး ကြည်အေး တို့ဖြစ်ကြပါတယ်။

အဲ့ဒီထဲက ကမြိုင် ကပစ ၅ နဲ့ တဆက်တည်းရှိနေတဲ့ ရခိုင်ရိုးမအခြေက မသုန် ကပစ ၁၆ ဟာ စစ်ကောင်စီ တပ်သုံး ဗုံးသီးအမျိုးမျိုး၊ ခဲယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ဖို့ ယမ်းအဓိကချက်တဲ့ ကပစ စက်ရုံဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှာ ယမ်းထုတ်လုပ်တဲ့ စက်ရုံ ၅ ရုံရှိပြီး အဲ့ဒီစက်ရုံတွေဟာ ပန်းတောင်း ကပစ ၅ နဲ့ ၁၆၊ သရက် ကပစ ၁၂၊ အထက်မင်းလှ ကပစ ၁၃၊ လောင်းရှည် ကပစ ၂၅ တို့ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ကပစ ၅ နဲ့ ကပစ ၁၃ တပ်တွေက စစ်ကောင်စီတပ် ကပစတပ်ဖွဲ့တခုလုံးအတွက် ယမ်းလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရေး အဓိကထုတ်လုပ်နေတဲ့ စက်ရုံတွေလို့ ကပစတပ်အသိုင်းအဝိုင်းက ပြောပါတယ်။

ကမြိုင် ကပစ ၅ နဲ့ မသုန် ကပစ ၁၆ မှာ ယမ်းထုတ်လုပ်တဲ့စက်ရုံအဆောက်အဦနဲ့ Acid Plant စက်ရုံပေါင်း ၃၀ ထက်မနည်းရှိပြီး ထုတ်လုပ်ရေးစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်သည်အစားခန့်အမြဲတမ်း အရပ်သား(အမျိုးသမီး)ဝန်ထမ်း ထောင်ချီနဲ့ လည်ပတ်နေတာပါ။

ဒါ့အပြင် ပန်းတောင်းမြို့နယ်၊ ဆင်တဲ ကပစ ၃ ဟာ လက်နက်ကြီးဗုံးသီးအမျိုးမျိုး၊ လေယာဉ်မှာ တပ်ဆင် ပစ်ခတ်တဲ့ ပေါင်ဗုံးတွေထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အဲ့ဒီစက်ရုံပေါက်ကွဲမှုဖြစ်လာရင် ဘေးပတ်ဝန်းကျင် အနီးနားကရွာတွေပါ ထိခိုက်မှုဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီကပစတပ်မိသားစုဝင်တဦးက ပြောပါတယ်။

ရခိုင်ရိုးမတကြောကို အာရက္ခတပ်တော်-AA က ထိန်းချုပ်လိုက်ပြီးတဲ့နောက် ပုသိမ်-မုံရွာလမ်းဘေးနဲ့ ပန်းတောင်းနယ်ထဲက ကပစတပ်တွေဆီကို ဦးတည်ပစ်မှတ်ထားလာနိုင်တယ်ဆိုတာ ရိပ်မိနေတဲ့ စစ်ကောင်စီတပ်က အမ်း နပခ မကျဆုံးခင်ကတည်းက ပုသိမ်-မုံရွာလမ်းပိုင်းကို တဖြည်းဖြည်း စစ်အင်အား ဖြည့်တင်းလာပါတယ်။

ဇန်နဝါရီလ ဒုတိယအပတ်ကစတင်ကာ ပန်းတောင်းနယ်အတွင်းက ကပစတပ်တွေဆီကို လေကြောင်းကနေ ဗုံးကြဲရာမှာအသုံးပြုလာတဲ့ စက်တပ်လေထီးတွေအုပ်ဖွဲ့ရောက်ရှိလာကာ အဲ့ဒီစက်တပ်လေထီးတွေနဲ့ ဥသျှစ်ပင်မြို့ဝေဟင်မှာ မောင်းနှင်လေ့ကျင့်မှုတွေ စတင်လုပ်ဆောင်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ အဲ့ဒီစက်တပ်ယာဉ်က အသံမကြားရဘူး။ အပေါ်မှာ လူ ၁ ယောက်ပါတယ်။ လေယာဉ်နဲ့ အပေါ်ကနေချသွားတာ။ ပြီးမှ မြို့ပေါ်ကိုဝဲတာ။ မြို့ပေါ်က လူတော်တော်များများမြင်လိုက်ကြရတယ်။ ပြီးတော့ ပြည်ဘက်ကို ထွက်သွားတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် ပန်းတောင်းမြို့တဖက်ကမ်း ပြည်မြို့၊ မင်းကြီးတောင်နဲ့ တန့်ကြည့်တောင်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အထိုင်ချ စစ်အင်အားတိုးမြှင့်ပြီး ပြည်နဲ့ပန်းတောင်းကို ခံစစ်ပြင်ဆင်နေသလို ဥသျှစ်ပင်၊ ငါးမျက်နှာဘုရားကုန်းမှာ လက်နက်ကြီးအထိုင်ချတပ်စွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ပန်းတောင်းမြို့နယ်၊ ကမြိုင် အကြီးစားယမ်းထုတ်လုပ်ရေး ကပစ ၅ တပ်က စက်ရုံတွေဟာ ယမ်းအများအပြား သိုလှောင်ထားရတာအပြင် စက်ရုံအဆောက်အဦအများအပြားမှာ ပေါက်ကွဲစေလွယ်တဲ့ ပစ္စည်းတွေရှိနေပြီး ပေါက်ကွဲမှုအားလည်း ပြင်းထန်နိုင်တယ်လို့ ကပစတပ်အပါအဝင် မြန်မာစစ်တပ်အတွင်း နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော် က ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဗိုလ်ချုပ် ခင်မောင်ဝင်း လက်ထက် ၂၀၀၀ ခုနှစ်ဝန်းကျင်က ကပစ ၅ မှာ ယမ်းထုတ်တဲ့စက်ရုံတခု မတော်တဆဖြစ်ကာ ပေါက်ကွဲမှုဖြစ်ခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။ ယမ်းစက်ရုံအတွင်းပိုင်းပစ္စည်းတခုက စတင်ပေါက်ရာက ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ 

အဲဒီအချိန်က တပ်အရာရှိတွေ အရေးယူမခံရစေရန် ကမ္ဘာအေး(ရန်ကုန်)မိုးလေဝသတိုင်းထွာရေးတပ်နဲ့ညှိပြီး ကပစ ၅ အောက်မှာ ငလျင်လှုပ်ပြီး စက်ရုံပေါက်ကွဲမှုဖြစ်တာလို့ လိမ်လည်တင်ခဲ့ဖူးကြောင်း ဗိုလ်ကြီး ဇင်ယော်က ရှင်းပြပါတယ်။

အဲဒီအချိန်က ကပစ ၅ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အခြေအနေကို သူက အခုလိုပြောပြပါတယ်။ 

“ယမ်းထုတ်တဲ့ စက်ရုံအဆောက်အဦတခု ဘာအယ်ရာ(error) ကြောင့်ရယ်မသိဘူး၊ ပေါက်ကွဲမှုဖြစ်ပြီး အဲ့စက်ရုံတရုံလုံး ပျောက်သွားတာ”

လက်ရှိ ပန်းတောင်းတပ်နယ်ကို ယမ်းထုတ်လုပ်ရေးတပ် ကပစ ၅ က ကွပ်ကဲထားကာ စက်ရုံမှူး ဗိုလ်မှူးချုပ် ထွေးလှက တပ်နယ်မှူးဖြစ်ပြီး ပန်းတောင်းတပ်နယ်မှာ အထက်ဖော်ပြပါ ကပစတပ် ၇ တပ်အပြင် ခလရ ၉၂၊ အမှတ် ၂ ခဲယမ်းမီးကျောက်တပ်ရင်း စတဲ့ တပ်ရင်းတွေလည်း ပါဝင်ပါတယ်။

ကပစတပ်တွေ ဝန်းရံနေတဲ့ ပန်းတောင်းမြို့နယ်အတွင်းမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၀,၀၀၀ ကျော်နေထိုင်ကြပါတယ်။ ပန်းတောင်းမြို့ပေါ် လူဦးရေဟာ ၁၇,၀၀၀ ကျော်သာရှိပြီး ကျေးလက်နေ လူဦးရေဟာ ၁၂၀,၀၀၀ ကျော်ရှိပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ ကပစစက်ရုံတွေရဲ့ လုံခြုံရေးအခြေအနေတွေကို စိုးရိမ်ချက်တွေရှိလာတဲ့ ပန်းတောင်းမြို့နယ်ဝန်းကျင်နဲ့ ဥသျှစ်ပင်မြို့ဒေသခံတွေ တခြားမြို့တွေဆီ ပြောင်းရွှေ့နေကြတဲ့ အခြေအနေကို ဥသျှစ်ပင်မြို့ခံတဦးက မှတ်ချက်ပြုပါတယ်။ 

“ ပိုက်ဆံရှိတဲ့ လူက စုန်ထွက်တာပေါ့။ မရှိတဲ့လူကျတော့ ဟိုဘက်လေးရှောင်လိုက်၊ ဒီဘက်လေး ရှောင်လိုက်နဲ့ပေါ့။ တကယ်ဖြစ်တော့မှ ပြေးကြရတာပေါ့။”

ရေးသားသူ - ဟိန်းစံ၊ ညီညာနွေဦး

#မြေလတ်အသံ

#ဆောင်းပါး #ပန်းတောင်း #ကပစ #တိုက်ပွဲ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10