ယာဉ်မတော်တဆမှုဖြင့် ပေါင်းတည်အသင်း(ရန်ကုန်)ရဲ့ နာယက ကွယ်လွန်

ယာဉ်မတော်တဆမှုဖြင့် ပေါင်းတည်အသင်း(ရန်ကုန်)ရဲ့ နာယက ကွယ်လွန်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ် ရန်ကုန် - ပြည်လမ်းမှာ အောက်တိုဘာ ၃၀ ရက် နေ့လယ်က ယာဥ်မတော်တဆဖြစ်ရာက ပေါင်းတည်မြို့နယ်အသင်း(ရန်ကုန်) ရဲ့နာယက သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့ခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်အသင်း(ရန်ကုန်)ရဲ့ နာယက ဦးအေးကို အသက် ၇၀ နှစ်အရွယ်ဟာ ပေါင်းတည်မြို့ သီတင်းကျွတ်ဆွမ်းသိမ်းပွဲကနေ လှူဒါန်းပြီး နေထိုင်တဲ့ရန်ကုန်မြို့ကိုအပြန် မနေ့နေ့လယ် ၂ နာရီလောက်မှာ မင်းလှမြို့နယ် သရက်တပင်တာဆုံ၊ သပြေစမ်းအနီးမှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"စလစ်ဖြစ်ပြီး ကားက ညာဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းက သစ်ပင်ဝင်တိုက်ပြီး မြောင်းထဲကျသွားတာ  ကားခေါင်းပိုင်းလည်း တော်တော်ပျက်စီးသွားတယ်" လို့ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။

ပေါင်းတည်ဘိုးဘွားရိပ်သာကနေ နေ့လယ်ထမင်းစားသုံးအပြီး အိမ်စီးကားနဲ့အပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလောင်းကို အုတ်ဖိုမြို့နယ်က ပရဟိတအသင်းကားနဲ့ ရန်ကုန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပေါင်းတည်မြို့နယ်အသင်း(ရန်ကုန်)ဟာ ပေါင်းတည်မြို့နယ်အတွင်း လူမှုရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးဖို့ ပေါင်းတည်မြို့နယ်သားတွေစုဖွဲ့ထားတဲ့ အသင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရန်ကုန် - ပြည်လမ်း သပြေစမ်းရွာထိပ်မှာပဲ ၁၂ ဘီးကားနဲ့တွဲကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်အသင်း(ရန်ကုန်)၏ နာယက ဦးအေးကို။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#ပဲခူးတိုင်း #မင်းလှမြို့နယ် #ရန်ကုန်ပြည်လမ်း #ယာဥ်မတော်တဆမှု #ပေါင်းတည်မြို့နယ်အသင်း(ရန်ကုန်) #နာယက #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10