သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကျမရဲ့ သားဖြစ်သူတယောက် သူ့အစ်ကိုဝမ်းကွဲနဲ့အတူ ခြံရဲ့အပြင်ဘက်လမ်းမပေါ်မှာ စက်ဘီးစီးတမ်း ကစားနေကြတယ်။
အိမ်ရှေ့က ဝါးရုံပင်တွေနဲ့ကွယ်နေလို့ ကလေးတွေကို မမြင်ရပေမယ့် သူတို့အသံလေးတွေကို ကျမ ကြားနေရတယ်။
ခဏနေတော့ စက်ဘီးပစ်လဲကျသွားတဲ့အသံနဲ့အတူ ကျမရဲ့ သားဖြစ်သူ ငိုတဲ့အသံကို ကြားရတယ်။
တဆက်တည်းမှာပဲ ရပ်ကွက်ထဲက လမ်းသွားလမ်းလာ အမျိုးသမီးတယောက်ရဲ့အသံကို ကြားရတယ်။
“မငိုနဲ့ မငိုနဲ့၊ ထ, ထ ယောကျ်ားဆိုတာ မငိုရဘူး။”
အဲဒါနဲ့ ကျမလည်း လုပ်လက်စအလုပ်တွေကို ခဏချခဲ့ပြီး ကလေးတွေဆီကို ပြေးသွားရင်း ပါးစပ်ကလည်း “ယောကျာ်းလေးလည်း ငိုလို့ရတယ်သား။ ငို၊ ငို၊ နာရင် ငိုလိုက်နော်၊ ဘယ်နား နာသွားတာလဲ။” လို့ အော်ပြောလိုက်တယ်။
နာတာကတဖက်၊ ငိုချင်နေတာကတဖက်နဲ့ သားဖြစ်သူဟာ မအေကိုမြင်တော့ အာခေါင်ခြစ်ပြီး အော်ငိုတော့တာပါပဲ။
ကျမဟာ သားဖြစ်သူကိုကြည့်ပြီး “မငိုနဲ့၊ တိတ်၊ တိတ်၊ မနာဘူး” လို့ ပြောချင်စိတ် ရုတ်တရက် ခုန်ထွက်လာတယ်။ တကယ်တော့ ကလေးတယောက်လဲကျတယ်၊ သူတကယ်နာလို့ ငိုတာကို ငိုခွင့်မပေးဘဲ အတင်းတိတ်ခိုင်းတဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကျမလည်း ကြီးပြင်းခဲ့တာ မဟုတ်လား။
ကျမသားကို မငိုဖို့တားတဲ့ အမျိုးသမီးကလည်း “ယောကျာ်းလေးဆိုတာ သန်မာတယ်။ ယောကျာ်းလေးဆိုတာ ကြံ့ခိုင်တယ်။ ယောကျ်ားလေးဆိုတာ မပျော့ညံ့ရဘူး။” ဆိုတဲ့ သားယောကျ်ားလေးတွေကို ခွဲခြား၊ မြှင့်တင်၊ မြှောက်ပင့်ခြင်း သတ်မှတ်ချက်တွေနဲ့ ကြီးပြင်းစေတဲ့ လူ့အဖွဲ့အစည်းအလယ်မှာ ကျမလိုပဲ တသက်လုံး နေသားကျခဲ့တာ မဟုတ်လား။
ကျမတို့နေ့စဉ်ဘဝမှာ ငိုနေတဲ့၊ ငိုတော့မယ့် ယောကျ်ားလေး တယောက်ကို ဘေးနားက လူတွေက “ယောက်ျားလေးဆိုတာ မငိုရဘူး။” လို့ ပြောကြတာဟာ ပုံသေနည်း တခုလိုပါပဲ။ ယောကျာ်းလေးကို မဟာစွမ်းအင်တွေရရှိထားတဲ့ စွမ်းအားရှင်လို ပုံစံသွင်း မြှောက်ပင့်ကြတာ မြန်မာ့ဓလေ့လို့ ပြောရမယ်။
“ယောကျ်ားလေးလည်း ငိုလို့ရတယ်” ဆိုတဲ့ ကျမရဲ့ စကားကို အထူးအဆန်းလိုရပ်ကြည့်နေတဲ့ အိမ်နီးချင်း အမျိုးသမီးကို သေချာနားလည်အောင်ပြောဖို့ စကားလုံး ကျမမှာ မရှိဘူး။
“ယောက်ျားလေးတွေက တန်ခိုးရှင်တွေမှ မဟုတ်တာအစ်မရေ၊ သူတို့လည်း နာရင် ငိုပါစေ၊ ငိုခွင့်ပေးလိုက်။” လို့ပဲ ရယ်ရယ်မောမော ပြောပြဖြစ်လိုက်တယ်။
ကလေးငယ်လည်းရှိ၊ ကလေးတွေအတွက် စာကြည့်တိုက်အသေးလေးတခုလည်း လုပ်ပေးထားတော့ ကျမတို့အိမ်မှာ အိမ်နီးချင်းကလေးတွေနဲ့ စည်ကားနေလေ့ရှိတယ်။ နယ်လည်းဖြစ်၊ ခြံဝန်းလည်း ကျယ်တော့ ဆွေမျိုးနီးစပ်သူတွေရော အိမ်နီးဝန်းကျင်က ကလေးငယ်တွေကပါ လာလည်ကြတယ်။ ခြံထဲမှာ ကလေးတွေ ပျော်ကြတယ်။
တနေ့တော့ အိမ်က သားရယ်၊ ဘေးအိမ်က ရွယ်တူ မိန်းကလေးနဲ့ ယောကျာ်းလေး တယောက်ရယ်၊ စုစုပေါင်း ၃ ယောက်အတူတူ အိမ်ထဲမှာ လျှောစီးလိုက်၊ ပတ်ပြေးလိုက်နဲ့ ကစားနေကြတယ်။
ကလေးတယောက်က ကျားကြီးဟန်ဆောင်ပြီး လိုက်ကိုက်တယ်။ ကျန်တဲ့ကလေး ၂ယောက်က ပတ်ပြေးကြတယ်။ ကျားကြီးလက်ချက် မိတော့မလိုဖြစ်ရင် အသည်းတယားယားနဲ့ အော်ကြ၊ ရယ်ကြ၊ ပြေးလိုက်ကြနဲ့ သူတို့ဖန်တီးထားတဲ့ ပျော်စရာကမ္ဘာလေးထဲမှာ ရွှင်မြူးနေကြတယ်။
အဲဒီအချိန်မှာ ရုတ်တရက် ကျမအဒေါ် (ကစားနေတဲ့ ကလေးတွေထဲက ယောက်ျားလေး တယောက်ရဲ့ အဘွား)ဆီက ငေါက်ငမ်းသံ ထွက်လာတယ်။
“ဟဲ့ အိသူ၊ နင်တိုးတိုးတိတ်တိတ် ရယ်စမ်း၊ မိန်းကလေးဖြစ်ပြီး နင့်အသံ အကျယ်ဆုံးပဲ၊ မိန်းကလေးဆိုတာ အဲ့လို မရယ်ရဘူး၊ ယောကျ်ားလေးတွေရယ်တာက ဘာမှမဖြစ်ဘူး”
အငေါက်ခံလိုက်ရတဲ့ ၃ နှစ် ဝန်းကျင်အရွယ် မိန်းကလေးဟာ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ စောစောက ရယ်မောပျော်ရွှင်နေကြတဲ့ ကလေးတွေရဲ့ အသံလေးတွေ ခဏတိတ်သွားတယ်။ ယောက်ျားလေး ၂ ယောက်က အငေါက်ခံရတဲ့ မိန်းကလေးကို တလှည့်၊ ကျမအဒေါ်ကို တလှည့် ကြည့်လိုက်ကြတယ်။
ပြီးတော့ ဘာမှမဖြစ်သလိုဘဲ သူတို့ ဆက်ကစားကြတယ်။ ယောက်ျားလေးတယောက်က လျှောအောက်ကို ဝင်သွားပြီး ခွေးဟောင်သလို အသံပြုတယ်။ ကျန်တဲ့ ကလေး ၂ ယောက်က ခွေးကိုက်မှာ စိုးတဲ့ အမူအယာလေး တွေနဲ့ ပြေးကြပြန်တယ်။
ဒီတကြိမ်မှာတော့ ခွေးဟန်ဆောင်တဲ့ ကျမသားဖြစ်သူက လျှောအောက်ကနေ တဝုတ်ဝုတ် ဟောင်နေတယ်။ စောစောက အငေါက်ခံရတဲ့ မိန်းကလေးက လျှောပေါ်ကို တက်ပြေးတယ်။ နောက်ယောကျ်ားလေးတယောက်က လျှောကို ပတ်ပြေးနေတယ်။
“အိသူ၊ အခုဆင်းစမ်း၊ နင်က အပေါ်ကို တက်နေတယ်၊ ယောကျ်ားလေးက အောက်က၊ အကုန် ဘုန်းနိမ့်ကုန်ဖို့ပဲ”
ကျမအဒေါ်ရဲ့ ငေါက်သံ ထပ်ထွက်လာတယ်။ လျှောအောက်ကနေ ခွေးလိုဟောင်နေတဲ့ ကျမသားရော၊ လျှောပေါ်တက်လို့ အငေါက်ခံရတဲ့ မိန်းကလေးရော၊ လျှောကို ပတ်ပြေးနေတဲ့ ကလေးရော ၃ ယောက်လုံး ကစားနေတာကို ရပ်လိုက်ကြတယ်။ သူတို့ ဆက်မကစားကြတော့ဘူး။ အိမ်အပြင် ခြံထဲကို ပြေးထွက်သွားကြတယ်။
ကျမ အဒေါ်ရဲ့ ငေါက်သံတွေ၊ သူ့ရဲ့ အတွေးနဲ့ ကန့်သတ်ချက်တွေကို ကျမ သည်းမခံနိုင်တော့ဘူး။
“ဘာမှမသိသေးတဲ့ကလေးတွေကို အဲ့လို ခွဲခြားခွဲခြား မပြောပါနဲ့။ ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အားလုံး အတူတူပဲ။ သူတို့ ကြိုက်သလို လွတ်လွတ်လပ်လပ် ကစားကြပါစေ။” လို့ လေသံခပ်မာမာ ပြောလိုက်တယ်။
“အိုး.... ဘာလို့ တူဖို့လဲ” ဆိုတဲ့ ကျမအဒေါ်ဖြစ်သူရဲ့ အရိုးရင့်နေတဲ့ အယူအဆလေသံကို ကျမ မကြားချင်ဟန် ဆောင်လိုက်တယ်။ ဆက်ပြောရင် စကားအခြေအတင်ဖြစ်တော့မယ်ဆိုတာ ကျမ ကောင်းကောင်း သဘောပေါက်တယ်။ ကလေးတွေအပေါ်မှာ သူ ဒီလို ခွဲခြားဆက်ဆံနေတာတွေဟာ ဒီ ၂ ကြိမ်တည်း မဟုတ်ဘူး။
ပထမဆုံးတကြိမ်တုန်းက ကျမအဒေါ်တို့ခြံထဲက ကွပ်ပျစ်မှာ ကျမသားရယ်၊ သူ့အစ်ကို ဝမ်းကွဲ ကလေးရယ် (ကျမအဒေါ်ရဲ့မြေး)ရယ်၊ အပိုင်းထဲက အရွယ်တူ မိန်းကလေးရယ် အိုးတမ်းခွက်တမ်း ကစားနေကြတယ်။
ယောကျ်ားလေး ၂ ယောက်က ကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး ပလပ်စတစ်အိုးခွက်လေးတွေနဲ့ သူတို့ ခူးလာတဲ့ သစ်ရွက်လေးတွေနဲ့ ထမင်းဟင်းသဘောနဲ့ ချက်ပြုတ်ဖို့ ပြင်ဆင်နေကြတယ်။ မိန်းကလေးတယောက်က ကျွဲကောပင်က ကြွေကျတဲ့ အပွင့်လေးတွေကို လိုက်ကောက်နေတယ်။ ကလေးသဘာဝ ဆော့ကစားနေကြတဲ့ သူတို့ကို သဘောတကျ ကြည့်နေတုန်း စောစောက ကျမရဲ့အဒေါ် အိမ်ထဲက နေထွက်လာပြီး ယောကျာ်းလေး ၂ ယောက်ဘေးမှာ ဝင်ထိုင်တယ်။
စိတ်လက်ကြည်သာနေတဲ့ မျက်နှာအမူအယာနဲ့ ကလေးတွေကို သူက ပြောတယ်။
“အေးအေး၊ ကောင်းတယ်၊ သင့်သင့်မြတ်မြတ်ကစားကြနော်၊ ဘိုမက မိန်းကလေးဆိုတော့ ဒီမှာ ထမင်းလာချက်ပါလား” လို့ ကျွဲကောပွင့်တွေကောက်နေတဲ့ မိန်းကလေးကို လှမ်းပြောတယ်။
ပြီးတော့ ယောကျာ်းလေးတွေကို ဆက်ပြောတယ်။
“သားတို့က ယောကျ်ားလေးတွေဆိုတော့ ဟိုကုလားထိုင်မှာ သွားထိုင်နေ။ ဘိုမက ထမင်းချက်ပြီးရင် စားဖို့ လှမ်း ခေါ်လိမ့်မယ်၊ အေးအေးဆေးဆေးစောင့်နေကြ” တဲ့။
ကစားဖို့အတွက် လူကြီးတယောက်က အကြံပေးနေ၊ ဝင်ပြောနေတော့ ကလေးတွေကလည်း ပျော်နေကြတယ်။ ကျမ ဘေးကနေကြည့်ရင်း၊ နားထောင်ရင်းနဲ့ စိတ်ထဲမှာ ထိန်းချုပ်မနေနိုင်ဘဲ ပြောမိတယ်။
“ထမင်းချက်တာက ယောက်ျားလေးမချက်ရဘူးလို့ မရှိပါဘူး။ ကိုယ်စားချင်တာ ကိုယ်ချက်ကြ၊ မိန်းကလေးကလည်း ကိုယ်စားချင်တာ ကိုယ်ချက်၊ ယောကျာ်းလေးမို့ အဆင်သင့် မစားရဘူး။”
ကျမအဒေါ်က ဘာမှထပ်မပြောဘူး။ ကျမကို မျက်စောင်းထိုးကြည့်တယ်။ သူကိုယ်တိုင်ကလည်း သူ့ကိုယ်ကိုသူ နှိမ်ချပြီးသတ်မှတ်သလို၊ ခွဲခြားနှိမ်ချဆက်ဆံခံရတဲ့ အမျိုးသမီးတယောက်ဘဝနဲ့ အဆင်ပြေနေတဲ့သူမို့ ကျမရဲ့ စကားတွေက သူ့အတွက်တော့ လူ့ကန့်လန့် စကားတွေဖြစ်နေစေတယ်။
ဒီလိုနဲ့ ကျမတို့ သားယောက်ျားလေးတွေဟာ မြှင့်တင်မြှောက်ပင့်ခြင်းတွေကနေကြားထဲကနေ ကြီးပြင်းလာ ကြပြီး မိန်းလေးတွေကတော့ ခွဲခြားနှိမ်ချခံရခြင်းတွေ ကြီးပြင်းလာကြတယ်။ ဒီလို အဖြစ်မျိုးတွေက ကျမရဲ့ ပတ်ဝန်းကျင်၊ ကျမနဲ့ နီးစပ်တဲ့နေရာတွေမှာပဲ ဖြစ်ပျက်နေတာလားဆိုတော့ မဟုတ်ပါဘူး။
ကျမရဲ့ မိတ်ဆွေတွေနဲ့ သူတို့ပတ်ဝန်းကျင်မှာရော၊ မူကြိုကျောင်းတွေကစပြီး စာသင်ကျောင်းတွေမှာရော နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ ခွဲခြားဆက်ဆံခံရခြင်းတွေပါပဲ။
ဒါဟာ မိန်းကလေးတွေကို အပြုခံသူအနေနဲ့ ပျိုးထောင်ကြသလို၊ ယောက်ျားလေးတွေကို ပြုနိုင်စွမ်းရှိသူအနေနဲ့ ပျိုးထောင်ကြပြီး မမျှတတဲ့လူ့ဘောင်ကို ဖန်တီးကြတာပဲဖြစ်တယ်။
မိန်းကလေးတွေကို ကိုယ့်ကိုယ်ကိုယ် အနိုင်ကျင့်ခံရခြင်းတွေအပေါ် ခံနိုင်ရည်ရှိအောင် သင်ကြားပေးနေသလိုဖြစ်နေစေပြီး၊ ယောကျာ်းလေးတွေကိုကျတော့ မိန်းကလေးထက် သာလွန်ကြီးမြတ်တယ်၊ အရာရာမှာ အနိုင်ယူလို့ရတယ်ဆိုတဲ့ အယူအဆကို သင်ကြားပေးနေခြင်းသာဖြစ်တယ်။ မမျှတတဲ့ လူ့ဘောင်ကို ဘက်လိုက်တဲ့ ပြုစုပျိုးထောင်ခြင်းတွေကနေတဆင့် ပုံဖော်နေကြတာပဲဖြစ်တယ်။
“ယောကျာ်းလေးဆိုတာ မငိုရဘူး” ဆိုတာမျိုးလောက်သာမက တခါတရံမှာ အဲ့ထက်ပိုပြီး ပြင်းထန်တဲ့ စကားလုံးက ယောက်ျားလေးတယောက်ကို သူလုပ်နိုင်စွမ်း မရှိတဲ့အရာ၊ သူဝမ်းနည်းနာကျင်တဲ့အခါ “မင်း ယောကျာ်းမဟုတ်ဘူးလား” ဆိုတဲ့စကားနဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုတတ်ကြတယ်။ တနည်းအားဖြင့် သူတို့ရဲ့ စိတ်ခံစားချက်ကို တလွဲပုံစံသွင်းခံရတယ်။
တဖက်သတ်မြှောက်ပင့် မြှင့်တင်ခြင်းတွေရယ်၊ ဝမ်းနည်းစရာကြုံရရင်တောင် ငိုခွင့်မပေးတဲ့ လူ့အသိုင်းအဝိုင်းရယ်ကြားမှာ ကြီးပြင်းလာခဲ့ရတဲ့ သားယောက်ျားလေးတွေဟာ လက်တွေ့ ဘဝမှာကြုံရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ကိုဗစ်တွေဖြစ်၊ အာဏာတွေသိမ်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးသလို တဦးချင်း ဝင်ငွေတွေရပ်တန့်သွားကြတဲ့ အခက်အခဲအကြပ်အတည်းကာလကြီးမှာ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းတွေကို အမျိုးသားမိတ်ဆွေတချို့ဆီမှာ တွေ့ခဲ့ရတယ်။
ယောကျာ်းတယောက်ဖြစ်တဲ့အတွက် မိသားစုတာဝန်က သူတို့မှာအပြည့်အဝရှိတယ်။ သူတို့က ဘာမှ ဝင်ငွေရှာဖွေနိုင်စွမ်းမရှိတော့ဘူးဆိုတဲ့ ဖိစီးမှုတွေနဲ့ စိတ်ဓာတ်တွေကျပြီး တချို့က အရက်နဲ့ မူးယစ်ဆေးတွေဘက် ခြေဦးလှည့်ကြတယ်။
တချို့က အားလုံးနည်းတူ အကြပ်အတည်းနဲ့ အခက်အခဲရင်ဆိုင်ရတဲ့ ကာလမှာ သူတို့စိတ်ဓာတ်ကျနေကြောင်း မဖော်ပြချင်တဲ့ အခါ “ငါကယောက်ျား၊ မငိုရ” ဆိုတဲ့ အသိတွေနဲ့ မာန်ကိုတင်းကြရတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေက တဖက်၊ အလုပ်အကိုင်နဲ့ မိသားစုစားဝတ်နေရေးတွေက တဖက် အဲဒီကြားမှာ တချို့က ဇနီးအပေါ်၊ သားသမီးတွေအပေါ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ကျူးလွန်ကြတယ်။
ကိုဗစ်ကာလနောက်ပိုင်း အမျိုးသားတွေရဲ့ စိတ်ဓာတ်ကျမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ သုတေသနတွေရှိကြတယ်။
သုတေသနတွေထဲမှာတော့ လွဲမှားနေတဲ့ ငယ်ဘဝပြုစုပျိုးထောင်ခြင်းတွေနဲ့ပတ်သက်ခြင်း ရှိမ/ မရှိဆိုတာမျိုးထည့်သွင်းဖော်ပြထားခြင်း မရှိပေမယ့် ကျမကတော့ အဲဒီအရာတွေနဲ့ သွယ်ဝိုက်ဆက်စပ်တယ်လို့ တထစ်ချ ယုံကြည်တယ်။
သားယောကျာ်းလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုဟာ ယောကျာ်းကြီးတွေ ဖြစ်လာတဲ့အခါ သူတို့ ဘဝကို စိတ်ကျန်းကျန်းမာမာနဲ့ ဘယ်လိုတွေ ဖြတ်သန်းကြမယ်ဆိုတဲ့အပေါ် အများကြီး သက်ရောက်မှုရှိစေနိုင်ပါတယ်။
လူ့ဘောင်အသိုက်အဝိုင်းမှာ အကြမ်းဖက်မှု လျှော့ချပြီး ညီညီမျှမျှဖြစ်စေဖို့အတွက်ဆိုရင် အမျိုးသမီးတွေကို ခွဲခြားနှိမ်ချ ဆက်ဆံခြင်းတွေ ရပ်ဆိုတဲ့ တွန်းလှန်သံတွေလိုပဲ၊ “ယောက်ျားတွေကို ခွဲခြားမြှင့်တင် မြှောက်ပင့်ခြင်းတွေ ရပ်” ဆိုတဲ့ စကားလုံးကို ကျမတို့ ကျယ်ကျယ်ပြန့်ပြန့်ပြောလည်းပြော၊ လက်တွေ့လည်း အသုံးချရမှာ ဖြစ်ပါတယ်။
#မြေလတ်အသံ
#ဆောင်းပါး #အက်ဆေး #ခွဲခြားဆက်ဆံမှု #လိင် #ကျားမ
Share Share Share