ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ ရေတော်မောင်နိုင် (ရုပ်ပုံလွှာ)

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ ရေတော်မောင်နိုင် (ရုပ်ပုံလွှာ)

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်လည်စတင်ပြီး ၁ လခန့်အကြာတွင် စဉ့်ကူးမြို့သိမ်းတိုက်ပွဲနှင့်အတူ စဉ့်ကူးမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းအခြေစိုက်ရာ ကျေးရွာများကို ဆက်လက်သိမ်းပိုက်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်တွင် ရေတော်ကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါ ပျူစောထီးအခြေစိုက်စခန်းချထားသည့် ရေတော်ကျေးရွာသိမ်းပိုက်မှုတွင် စဉ့်ကူးနယ်တောင်ပိုင်းတခုလုံးရှိ ဒေသခံများကြောက်ရွံ့ခဲ့ရသည့် ပျူစောထီးခေါင်းဆောင် ရေတော် မောင်နိုင် (ခေါ်) တဖက်ကန်း ငနိုင် ကို တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့သည်။

ရေတော်မောင်နိုင်နှင့် ၎င်း၏လက်အောက်ပျူစောထီးများ ဖမ်းဆီးရမိချိန် ၎င်းတို့၏ထွက်ဆိုချက်များနှင့် ဒေသခံများ၏ဖွင့်ဟချက်များအရ စဉ့်ကူးတနယ်လုံးအပေါ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်များကို သိရှိခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စဉ့်ကူးမြို့နယ်တောင်ပိုင်း၌ အသက် ၇၀ ကျော်အရွယ် ပျူစောထီးခေါင်းဆောင် ရေတော်မောင်နိုင်သည် လူသတ်အလောင်းဖျောက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု၊ နေအိမ်မီးရှို့မှုများအပါအဝင် လူသတ်မုဒိမ်းမှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်ဟု ဒေသခံများက ပြောကြသလို ၎င်းကိုယ်တိုင်လည်း ဝန်ခံထားသည်ဟု မြေလတ်အသံက စုံစမ်းသိရရှိရသည်။

 

ရေတော် မောင်နိုင် သို့မဟုတ် တဖက်ကန်းငနိုင်

မြန်မာပြည်အလယ်ပိုင်း မြို့ငယ်လေးတမြို့ဖြစ်သည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနံဘေးက ရေတော်ရွာသည် လူဦးရေ ၃,၀၀၀ နီးပါးရှိသည့် ရွာကြီးတရွာဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ အနိုင်ရရှိသည်အထိ ရေတော်ရွာတွင် NLD ပါတီဝန်းရံထောက်ခံသူ များပြားသကဲ့သို့ ကြံ့ခိုင်ရေးပါတီထောက်ခံသူလည်း များပြားခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် အရပ်သားအစိုးရလက်ထက်က ခန့်အပ်ထားသည့် ရေတော်ရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဦးကို စစ်ကောင်စီတပ်က ဖြုတ်ချခဲ့ပြီး ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ပြီး အမိန့်နာခံမည့် မောင်နိုင် ဆိုသူကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။

“ စဉ့်ကူးနယ်တောင်ပိုင်းမှာ နာမည်ကြီးပဲ။ အာဏာမသိမ်းခင်က အုပ်ချုပ်ရေးပိုင်းတွေမှာ ဘာမှမပါဘူး။ သာမန် လက်လုပ်လက်စားပဲ။ အာဏာသိမ်းတော့မှ သူ့ကို အုပ်ချုပ်ရေးမှူးခန့်လိုက်တာ။ အရင်က (အာဏာမသိမ်းခင်) ဖရိုဖရဲအိမ်လေးနဲ့ အခုငနိုင်က တိုက် ၂ လုံးနဲ့” ဟု ရေတော်ရွာဒေသခံတဦးက ပြောသည်။

ထိုမှတဆင့် ရေတော်မောင်နိုင်သည် စစ်ကောင်စီတပ်ထံ သတင်းပေးလုပ်ဆောင်ပေးခဲ့မှုကြောင့် တပ်အရာရှိများ၏ အလေးပေးခြင်းခံခဲ့ရသည်။ ၂၀၂၂ အစောပိုင်းတွင် စစ်ကောင်စီက ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့များ စတင်ဖွဲ့စည်းခဲ့ရာတွင် မောင်နိုင်ကို ရေတော်ရွာ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ကာ လက်နက်တပ်ဆင်ပေးခဲ့သည်။ ယင်းနောက် စဉ့်ကူးနယ်တောင်ပိုင်းတခုလုံးတွင် ရေတော်မောင်နိုင်၏ သြဇာပိုမိုကြီးထွားလာခဲ့သည်ဟု ဆိုသည်။

ရေတော် မောင်နိုင်တွင် ဇနီးဖြစ်သူ မဌေး နှင့် အသက် ၂၅ နှစ်အရွယ် သား ၁ ဦး၊ အသက် ၁၈ နှစ် အရွယ် သား ၁ ဦး ရှိပြီး ၎င်း၏သား ၂ ဦးစလုံးမှာလည်း ပျူစောထီးအဖွဲ့ဝင် ခေါင်းဆောင်ငယ်များ ဖြစ်ကြသည်။

“အဲဒီအချိန်က စဉ့်ကူးမြို့နယ်မှူး ဗိုလ်မှူးသော်တာထွန်းဆိုသူက ရက်စက်ကြမ်းကြုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ သော်တာထွန်းက မောင်နိုင်ကို စဉ့်ကူးမြို့နယ်တောင်ပိုင်း အပိုင်စားပေးလိုက်တယ်လို့ ပြောရတဲ့အထိ နယ်မြေခံရဲစခန်းမှူးရဲ့ပါဝါကိုကျော်ပြီးတောင် လက်နက်ချပေးခဲ့တာ” ဟု ရေတော်ကျေးရွာမှ ဒေသခံတဦးက အဆိုပါကာလဖြစ်စဉ်များကို ပြန်လည်ရှင်းပြသည်။

ရေတော်မောင်နိုင်သည် အာဏာသိမ်းမှုမတိုင်ခင်က မျက်လုံးအကောင်းဖြစ်သော်လည်း ၂၀၂၁ နှောင်းပိုင်းကာလက လက်လုပ်မိုင်းဆင်ရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် သူ၏ မျက်လုံးတဖက် ထိခိုက်ပျက်စီးသွားခဲ့သည်။ 

“မျက်စိတဖက် ပျက်စီးသွားပြီးတဲ့နောက် တဖက်ကန်းမောင်နိုင်အဖြစ် မိုက်ဇာတ် စခင်းခဲ့တာ” ဟု ဒေသခံ တဦးက ဆိုသည်။

 

ရေတော် မောင်နိုင်၏ ဒေသခံများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ

ရေတော် မောင်နိုင်သည် ၂၀၂၁ နှောင်းပိုင်းကာလများမှစတင်ကာ ရေတော်ရွာနှင့် အနီးနားကျေးရွာများမှ စီးပွားရေးအဆင်ပြေသူများကို ဖမ်းဆီးပြန်ပေးဆွဲကာ ကျပ်သိန်းရာနှင့်ချီ တောင်းခံခြင်း၊ ဧရာဝတီမြစ် ကြောင်းအတွင်းသွားလာနေသည့် ဝါးဖောင်၊ စက်လှေ၊ မော်တော်တွေကိုဖမ်းဆီးကာ ပစ္စည်းလုယက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ 

ရေတော်မောင်နိုင်၏ အနိုင်ကျင့်မှုတခုကို စဉ့်ကူးဒေသခံတဦးက ယခုကဲ့သို့ ပြောပြသည်။

“မောင်နိုင်အိမ်ရဲ့အနောက်ဘက် တအိမ်ကျော်က ဆန်စက်ပိုင်ရှင်ရဲ့မောင်က အိုင်ဖုန်း ဝယ်လာတာကို မောင်နိုင်သားက လိုချင်လို့ အဲဒီလူငယ်ကိုဖမ်းပြီး ငွေ ၂၅ သိန်း၊ အိုင်ဖုန်းနဲ့ ပြန်ရွေးခိုင်းတယ်။ အဲဒီအိမ်က အခုထိ မန္တလေးကို ရှောင်နေရတယ်” 

ထို့အပြင် စဉ့်ကူးမြို့နယ်အတွင်း ပျူစောထီးတပ်ဖွဲ့ထံ မဝင်ရောက်လိုသူများကို တအိမ်လျှင် လစဥ် ကျပ် ၁၀ သိန်းမှ ၂၀ သိန်းအထိ ကောက်ခံခြင်း၊ NLD ပါတီထောက်ခံသူများ၊ PDF မိသားစုဝင်များနှင့် နီးစပ်သူများကို တအိမ်လျှင် လစဥ် ကျပ် ၁၀ သိန်း တောင်းခံပြီး မိသားစုပိုင်ပစ္စည်းများကို သိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

"ကျနော် PDF ထဲရောက်နေလို့ဆိုပြီး အဲဒီတုန်းက ကျနော့်အိမ်ကပစ္စည်းတွေ သိမ်းသွားတာ ကျပ်သိန်း ၃၀၀ ဖိုးလောက်ရှိမယ်။ လယ်ကထွက်သမျှလည်း အကုန်ယူသွားတယ်“ ဟု မိသားစုပိုင်ပစ္စည်းတွေသိမ်းယူခံခဲ့ရသူ ရေတော်ရွာခံ PDF ရဲဘော်က ရှင်းပြသည်။

အဆိုပါ PDF ရဲဘော်၏ အမဖြစ်သူများအား နေပူပြင်းနေချိန်တွင် သဲသောင်ပြင်ပေါ်ထိုင်ခိုင်းပြီး ခေါင်းပေါ်၌ ပွက်ပွက်ဆူနေသည့် ရေနွေးခွက်ကို ရွက်ခိုင်းထားသည်။ ရေနွေးဖိတ်ကျပါက ပစ်သတ်မည်ဟုဆိုကာ အချိန် ၂ နာရီခွဲခန့် ယင်းပုံစံအတိုင်း ထိုင်ခိုင်းကာ နှိပ်စက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရေတော်ရွာတဖက်ကမ်းတွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ်အမျိုးသမီးအား PDF နှင့် ဆက်သွယ်သည်ဆိုကာ ရေတော်ရွာရှိ ၎င်း၏ မိဘများကို ရေတော်မောင်နိုင်က နေပူလှန်းစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ သူ့မိဘတွေက ရေတော်မှာနေတယ်။ ခဏခဏအိမ်ကိုလာ ခြိမ်းခြောက်တာနဲ့ အဆက်အသွယ်ဖြတ်လိုက်ရ တယ်။ အသက် ၂၁ နှစ်အရွယ် မောင်လေးကိုလည်း PDF နဲ့ပတ်သက်တယ်ဆိုပြီး စစ်တပ်က ဖမ်းသွားပြီး အာမခံနဲ့ပြန်လွှတ်ခဲ့တာကို မောင်နိုင်က နယ်နှင်လို့ အခုထိနွယ်ရုံကျေးရွာမှာ နေရတယ်” ဟု မောင်နိုင်၏ အနိုင်ကျင့်မှုများကို ပြန်လည်ပြောပြသည်။

၂၀၂၃ စက်တင်ဘာလ ၁၉ ရက်ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် မန္တလေး-မိုးကုတ်ကားလမ်းနံဘေး ရွှေပြည်ကျေးရွာအနီး “အလင်းဆိုင်” ထမင်းဆိုင်ပိုင်ရှင် မိသားစုဝင် ၄ ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်မှာလည်း ရေတော်မောင်နိုင် လက်ချက်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ 

ယခုဖမ်းဆီးခံရသည့်အချိန်၌ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး PDF တပ်ဖွဲ့ဝင်များကစစ်ဆေးရာတွင်  ထမင်းဆိုင်အတွင်းသို့ PDF ရဲဘော်များအား ဝင်ခွင့်ပြုခဲ့သည့်အတွက် ဆိုင်ပိုင်ရှင်အမျိုးသမီး ၂ ဦးအပါ မိသားစုဝင် အမျိုးသမီး ၄ ဦး စလုံးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ရေတော်မောင်နိုင်က ဝန်ခံခဲ့သည်။

ထို့အပြင် ရေတော်ရွာအနီးကျေးရွာများဖြစ်သည့် ဝက်လက်မြို့နယ်ထဲက သစ်ဆိမ့်၊ ခက်သင်၊ ငါးပတ်ချောင်း၊ ရေလည်မော် စသည့်ကျေးရွာများအပါအဝင် ဧရာဝတီမြစ်ရိုးတလျှောက်ကျေးရွာများရှိ နေအိမ်များကို ဝင်ရောက်မီးရှို့ပြီး ပစ္စည်းယူဆောင်မှုများကိုလည်း ရေတော်မောင်နိုင်ဦးဆောင်သည့် ပျူစောထီးအဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

ယင်းကဲ့သို့ ဆိုးသွမ်းရက်စက်ခဲ့သည့် ရေတော်မောင်နိုင် ဦးဆောင်သည့် ပျူစောထီးတပ်ဖွဲ့သည် ဇူလိုင် ၁၆ ရက်တွင် အဆုံးသတ်ခဲ့သည်။ 

စဉ့်ကူးမြို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များမှ ရေတော်ရွာပျူစောထီးစခန်းကို တိုက်ခိုက်ရန် ပိတ်ဆို့ထားချိန်တွင် ထွက်ပြေးရန်ပြင်ဆင်နေသည့် ရေတော်မောင်နိုင်၏မိသားစုနှင့် ပျူစောထီး ၄၀ ဦးကို ယင်းနေ့တွင် လက်ရဖမ်းဆီးနိုင်ခဲ့သည်။

"အဲဒီလူကို ဖမ်းမိတုန်းက အဲဒီပတ်ဝန်းကျင်ကလူတွေက ဓားတွေနဲ့ ဝိုင်းလာလို့ ကျနော်တို့ မနည်းထိန်းသိမ်းပြီး ခေါ်လာရတယ်။ သူ့ကို သိန်း ၂၀ ပေးသတ်ရ၊ ၃၀ ပေးသတ်ရ ပေးသတ်မယ်ဆိုတဲ့လူတွေချည်းပဲ" ဟု ရေတော်မောင်နိုင်ကို ဖမ်းဆီးစဥ်ပါဝင်သည့် ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ထို့အပြင် ၎င်းကိုဖမ်းဆီးပြီး စစ်ဆေးစဉ်ကာလတွင်လည်း  ရေတော်မောင်နိုင်ကို ပါးတချက်ရိုက်ရလျှင်ပင် ငွေကျပ်သိန်းချီပေး၍ ရိုက်လိုကြောင်းဒေသခံများက တောင်းဆိုခဲ့ကြသည်ဟု  ရဲဘော်များကဆို သည်။

ရေတော်မောင်နိုင်ကို ကနဦးဖမ်းဆီးစစ်ဆေးပြီးနောက် ၎င်းနှင့်မိသားစုဝင် ၄ ဦးကို သက်ဆိုင်ရာ စစ်ဒေသရုံးသို့ လွှဲပြောင်းကာ ဆက်လက်စစ်ဆေးနေကြောင်း စဉ့်ကူးမြို့နယ်ပအဖအဖွဲ့က ပြောသည်။

ရေတော်မောင်နိုင်ကို မိုးကုတ်ဗျူဟာ ၁၂၂၂ တပ်ရင်းမှ တာဝန်ယူကာ ဆက်လက်စစ်ဆေးနေရာ လူသတ်အလောင်းဖျောက်မှု၊ အဓမ္မပြုကျင့်မှု၊ ဓားပြတိုက် လုယက်မှု၊ မီးရှို့မှု၊ ပြန်ပေးမှု၊ ခြိမ်းခြောက်ငွေညှစ်မှု စသည့်အမှုပေါင်း ၃၀ နီးပါးထက်မနည်း ကျူးလွန်ခဲ့ကြောင်း ကနဦးထွက်ဆိုဝန်ခံထားသည်ဟု မိုးကုတ်ဗျူဟာနှင့် နီးစပ်သူတချို့ထံကသိရကာ ကျန်ရှိနေသည့်အမှုများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်နေသဖြင့် နစ်နာသူများအနေဖြင့် သတင်းပို့ တိုင်ကြားနိုင်သည်ဟုလည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ဆိုသည်။

"အရှင်မထားရင် အကောင်းဆုံးပေါ့ဗျာ။ သူလုပ်တာက သူ့တယောက်တည်း၊ ခံရတဲ့သူက အများကြီး။ ကိုယ်က ဒုက္ခပါးပါးလေး။ သေတာကြေတာတွေ ပြန်မဆုံကြတဲ့ မိသားစုတွေ အများကြီး။ ညောင်ပင်ပု၊ စည်ပင်၊ ကိုင်းတော၊ ခက်သင်ရွာတွေမှာ သူတို့သတ်ခဲ့တဲ့သူတွေ အများကြီးပဲ” ဟု နစ်နာသူ ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောသည်။

ရေးသားသူ - N၊ ဟိန်းစံ။

#မြေလတ်အသံ

#ဆောင်းပါး #၁၀၂၇စစ်ဆင်ရေး #စဉ့်ကူးမြို့သိမ်းတိုက်ပွဲ #ရေတော်မောင်နိုင် #ပျူစောထီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10