သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရခိုင်ရိုးမပေါ်ရှိ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်ခြား အမ်းမြို့နယ်၊ ကမြင်းကန်ရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမြင်းကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်-AAနဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။
အမ်း-ပဒါန်းကားလမ်းဘေးမှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ အခိုင်အမာအထိုင်ချထားတဲ့ ကမြင်းကန်ကျေးရွာအနီး ဗျူဟာစခန်းကို ဇန်နဝါရီ ၁၃ ရက်ကစတင်ကာ အာရက္ခတပ်တော် AA နဲ့မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၉ ရက်အကြာ ဇန်နဝါရီ ၂၁ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
"ကမြင်းကန်စခန်းကို သိမ်းလိုက်တာဟုတ်ပါတယ်။ အဲဒီမှာ အခုအချိန်ထိ ရှင်းလင်းရေး လုပ်နေတုန်းပါ။"လို့ အာရက္ခတပ်တော် -AA နဲ့နီးစပ်တဲ့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျရှုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က အမ်း-ပဒါန်းကားလမ်းမအနီးရှိ ၎င်းတို့အထိုင်ချတပ်စွဲထားတဲ့ နတ်ရေကန်စခန်း၊ ပိန်းရေစမ်းစခန်း၊ ကြက်ရေစမ်းစခန်းနဲ့ ကမြင်းကန်စခန်းတို့ကို မကွေးဘက်ကနေ စစ်အင်အားအများအပြား ဖြည့်တင်းထားလာတာပါ။
ကမြင်းကန်စခန်းကုန်း သိမ်းပိုက်ခံလိုက်ရပြီး ယမန့်နေ့ ဇန်နဝါရီ ၂၂ ရက်မှာ စစ်ကောင်စီတပ်လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ပဒါန်းတပ်နယ်စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ကမြင်းကန်က အမ်းနယ်ထဲပဲ အမ်းနဲ့မကွေးနယ်ခြားပေါ့။ ကမြင်းကန် ဒီဘက်ကျော်လာရင် ငဖဲနယ်ထဲရောက်ပြီ။ အဲ့ဒီနားမှာ နယ်ခြားဘုရားစိုးမိုးကုန်းဆိုတာလည်း ရှိတယ်၊ အဲ့ဒီကုန်းလည်း ကျသွားပြီလို့ သိရတယ်။” လို့ ၎င်းက ဆိုပါတယ်။
ကမြင်းကန်ရွာစခန်းကုန်းဟာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရဲ့ နောက်ဆုံးကျေးရွာဖြစ်ပြီး ဆက်လက်ထိုးစစ်ဆင်လာရင် မကွေးတိုင်း၊ ငဖဲမြို့နယ်ကို ဝင်ရောက်လာမှာဖြစ်ကာ အနီးဆုံးမှာ နတ်ရေကန်နဲ့ ဂုတ်ကြီးရွာစခန်းတွေရှိပြီး ကမြင်းကန်အပါအဝင် အဆိုပါစခန်းတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေသွယ်တန်းလာတဲ့ တရုတ်ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းကို အထူးလုံခြုံရေးယူထားရတဲ့ တပ်စခန်းတွေလို့ ပဒါန်းတပ်နယ်သတင်းရင်းမြစ်က ဆိုပါတယ်။
ရခိုင်-မကွေးနယ်စပ် အမ်းမြို့နယ် ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ သုံ့ပန်းနဲ့အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်-AA က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး ကမြင်းကန်စခန်းကုန်းသိမ်းပိုက်ရရှိမှု အခြေအနေတွေကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။
အမ်း နပခ ကျဆုံးပြီးနောက် စစ်ကောင်စီတပ်က ငဖဲမြို့အခြေစိုက် ကပစ ၁၄ နဲ့ ပဒါန်းတပ်နယ် အမြောက်တပ်တွေကို စစ်အင်အားတွေ ပို့ဆောင်ထားပြီး အဲ့ဒီတပ်တွေကနေတဆင့် အမ်း-ပဒါန်းလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ပို့ဆောင်အင်အားတိုးမြှင့်နေတယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ပုံစာ - ရခိုင်-မကွေးအစပ် ကမြင်းကန်စခန်းအပါ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိ သုံ့ပန်း၊ အလောင်းနဲ့ လက်နက်ခဲယမ်းများကို ဇန်နဝါရီ ၂၀ ရက်မှာ အာရက္ခတပ်တော်က ထုတ်ပြန်ထားစဉ်။
#မြေလတ်အသံ
#ရခိုင်ရိုးမ #အမ်း #ကမြင်းကန်စခန်း #တရုတ်ဓါတ်ငွေ့ပိုက်လိုင်း
Share Share Share