ရထားလမ်းဘေးမှာရှိတဲ့ ထန်းကြီးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့

ရထားလမ်းဘေးမှာရှိတဲ့ ထန်းကြီးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာရဲ့ ရထားသံလမ်းနားမှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က သြဂုတ် ၂၉ ရက် ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းနယ်နဲ့ ဝက်လက်နယ်အစပ်မှာရှိတဲ့ ရထားသံလမ်းကို ပြန်လည်ပြုပြင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ သြဂုတ် ၂၄ ရက်နေ့မှာ ပဒူရွာကနေ အင်အား ၁၀၀ကျော်နဲ့ ထွက်လာပြီး အဲ့ဒီရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ ထန်းကြီးရွာထဲကိုဝင်ရောက်တပ်စွဲထားပြီး ဒီနေ့မနက်မှာတော့ ရထားသံလမ်းနားမှာရှိတဲ့ ထန်းကြီးရွာရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့  Wetlet Informational Network အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ခက်ခနဲ့ ထန်းကြီးရွာကြားမှာရှိတဲ့ ရထားလမ်းကို သူတို့ပြင်လာမှာမို့ ထန်းကြီးကို ကင်းယူထားမှ အဲ့ဒီရထားလမ်းကို ပြင်လို့ရမှာလေ။ သူတို့က ထောက်ပို့လမ်းကြောင်းများအောင် လုပ်တယ်ထင်ပါတယ်။ သူတို့ ထောက်ပို့လမ်းကြောင်းများများရဖို့အတွက် အခုလိုပြန်ပြီးပြင်နေတယ်လို့တော့ ထင်တယ်”လို့ သူက ဆိုပါတယ်။

သြဂုတ် ၂၄ ရက်ကလည်း အဲ့ဒီစစ်ကောင်စီတပ်က ရထားသံလမ်းနားမှာရှိတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လာရောက်လုပ်ဆောင်တဲ့အပြင် ရွာထဲကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်  ခက်ခရွာ ၊ စမွန်းရွာ ၊ ကျွန်းဦးတောရွာနဲ့ ထန်းကြီးရွာအစရှိတဲ့ ကျေးရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ ဝေးတဲ့ ကျေးရွာနဲ့ တောတောင်တွေထဲမှာ တဲထိုးပြီး နေနေရတယ်လို့ ဝက်လက်ဒေသခံတဦးက ပြောပါတယ်။ 

“ရွာသားတွေကို စစ်ရှောင်စခန်းဆိုပြီး သီးသန့်ဆောက်လုပ်ပေးထားတာမျိုးတော့မရှိဘူး။ လူစုခွဲပြီးတော့ မိုးကာတွေနဲ့ နေနေကြတယ်။ တချို့ကလည်း သူတို့ဆွေမျိုးတွေရှိရာနေရာမှာ သွားနေကြတယ်။ ရွာသားတချို့ကလည်း သူတို့ရွာထဲကို နေ့ခင်းဘက်တွေဆို အိမ်မှာကျန်ခဲ့တဲ့ နွားတွေ၊ ဝက်တွေကို အစာပြန်ကျွေးတယ်။ ညဘက်ဆိုတောထဲမှာ ပြန်လာတယ်။ ရွာထဲမှာတော့ ဘယ်သူမှ ပြန်မနေကြသေးဘူး ” လို့ သူကဆိုပါတယ်။

အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ထန်းကြီးရွာကို စစ်ကောင်စီတပ်က ၂၀၂၂ နိုဝင်ဘာလမှာ တကြိမ်၊ ၂၀၂၃ သြဂုတ် ၂၄ ရက်နေ့မှာ တကြိမ် ဒီနေ့မှာတကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ မီးရှို့ဖျက်ဆီးနေတဲ့အတွက် ကျေးရွာထဲမှာ နေအိမ်တွေ မရှိသလောက် ဖြစ်နေပြီလို့လည်း ဆိုပါတယ်။ 

ကျေးရွာထဲကို ပြန်မဝင်နိုင်သေးတာကြောင့် အခုအကြိမ်မီးရှို့တာမှာ အိမ်ခြေအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မသိရပေမယ့် ပထမအကြိမ် မီးရှို့စဥ်က အိမ်ခြေ ၄၀၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

သြဂုတ် ၂၄ ရက်ကလည်း ထန်းကြီးရွာသားဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးမျိုးဝင်းကို စစ်တပ်က ပစ်သတ်သွားခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဇွန်လ ၃၀ ရက်အထိ နေအိမ်ပေါင်း ၅၉,၂၂၅ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar ကဖော်ပြထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ထန်းကြီးရွာ #ရထားသံလမ်း #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10