ရန်ကုန် - ပြည်လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖျက်သိမ်း

ရန်ကုန် - ပြည်လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖျက်သိမ်း

 
 
ရန်ကုန် - ပြည်ကားလမ်းမ၊ ပဲခူးတိုင်း (အနောက်ခြမ်း) မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို ဇွန်လ ၁၇ ရက် မနေ့မနက်ပိုင်းကစပြီး ပြန်လည်ရုတ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအစပ် သုံးဆယ်မြို့ရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ် အပါအဝင် ပြည်မြို့အထိ ရန်ကုန် - ပြည်လမ်းတလျှောက် စစ်ဆေးရေးဂိတ်အားလုံးကိုဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။

"သာယာဝတီ မီးနင်းချောင်းဂိတ်ဆိုရင် မနေ့ကတည်းက စစ်ဆေးတာမရှိဘူး။ 'အစစ်ဆေးခံပါ'ဆိုတဲ့ ဆိုင်းဘုတ်တွေလည်းမရှိတော့ဘူး။ လမ်းတွေမှာတားထားတဲ့ ဘယ်ရီဂိတ်တွေပါဖယ်ထားတာ"လို့ သာယာဝတီမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခံနေရတာတွေရှိတဲ့အတွက် ဂိတ်တွေမထားတော့ပဲ မြို့တွင်းကင်းပုန် ချလုံခြုံရေးယူတာမျိုးအပြင် စစ်စခန်းတွေမှာ အင်အားအလုံးအရင်းနဲ့ ခံစစ်ပုံစံမျိုးပြင်ဆင်လုပ်ဆောင်ဖို့ အခုလိုဂိတ်တွေရုတ်သိမ်းတာလို့ သာယာဝတီမြို့နယ်ပအဖအဖွဲ့ဝင် တဦးက သုံးသပ်ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်တွေဟာ စစ်ဆေးရေးလုပ်ဆောင်တယ်ဆိုပြီး လမ်းပိုင်းပေါ်ဖြတ်သန်းသွားလာနေတဲ့ ကား၊ဆိုင်ကယ်တွေဆီကနေ ငွေတောင်းယူတာတွေကို အဓိကထား လုပ်ဆောင်ကြတာလို့လည်း ဒေသခံတွေကတဆင့် သိရပါတယ်။

သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာကဒေသခံတဦးကတော့ ဝက်ပုတ်တာဆုံမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ မရှိတော့တဲ့အတွက် စိတ်အနှောက်အယှက်မရှိသလို သွားလာရလုံခြုံပြီး လွတ်လပ်သွားတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ရန်ကုန် - ပြည်လမ်းပေါ်မှာ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ဝက်ပုတ်-အင်းမ (သဲကုန်းမြို့နယ်) ရွှေတောင်နဲ့ ပြည်မြို့တို့ရှိပြီး မြိုအဝင်၊အထွက်တွေတိုင်းမှာ ဂိတ်ထားရှိတဲ့အတွက် စစ်ကောင်စီစစ်ဆေးရေးဂိတ် ၁၅ ဂိတ်ထက်မနည်း ရှိတယ်လို့ဆိုပါတယ်။

ဘာကြောင့် စစ်ဆေးရေးဂိတ်တွေပိတ်သိမ်းတယ်ဆိုတာ အသေးစိတ်မသိရပေမယ့် လမ်းခရီးများရှိ စစ်ဆေးရေးဂိတ်တွေမှာ မလိုလားအပ်ဘဲ ကုန်ကျစရိတ်များမရှိစေရေး ပြည်နယ်နဲ့တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားပြီးတဲ့နောက် မြို့ကြီးတွေရဲ့လမ်းပိုင်းတချို့မှာ စစ်ဆေးရေးဂိတ်တွေကို ဖြုတ်သိမ်းလာတာလည်း ဖြစ်ပါတယ်။

ပုံစာ - သဲကုန်းမြို့နယ်၊ ရန်ကုန် - ပြည်လမ်း ဝက်ပုတ်တာစုံက စစ်ကောင်စီစစ်ဆေးရေးဂိတ်။(ပုံဟောင်း)
 
စာတည်း-ရင်ငြိမ်း
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10