ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးနေတဲ့ စခန်းတာဝန်ခံ  ဗိုလ်မှူးအပါအဝင် စစ်သား ၉ ဦး ထပ်မံဖမ်းမိ

ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးနေတဲ့ စခန်းတာဝန်ခံ  ဗိုလ်မှူးအပါအဝင် စစ်သား ၉ ဦး ထပ်မံဖမ်းမိ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့တောင်ပိုင်း၊ တံဖိုရွာတောင်ဘက်အစပ်ရှိ စစ်ကောင်စီတပ် ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးနေတဲ့ စခန်းတာဝန်ခံ ဗိုလ်မှူး သန်းနိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စခန်းသိမ်းပိုက်ပြီးနောက် ကာကွယ်ရေးအဖွဲ့တွေဘက်က နယ်မြေရှင်းလေးရေးလုပ်ဆောင်ချိန် မြို့သာကျေးရွာရဲ့ လယ်တောအတွင်း ပုန်းရှောင်နေတဲ့ ဗိုလ်မှူး သန်းနိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကို နိုဝင်ဘာ ၂၄ ရက် မနေ့က ဖမ်းဆီးရမိခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း နောက်ထပ် ၄ ဦးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

“ သူတို့တွေက လက်နက်တွေကို ဖွက်ထားတယ်။ ကျနော်တို့ စစ်ဆေးမေးမြန်းတဲ့အခါမှ သေနတ်ရှိတဲ့နေရာတွေကို လိုက်ပြတာ။ ဖမ်းမိတဲ့သူတွေကို တနေရာတည်းမှာမိတာမျိုး မဟုတ်ဘူး။ တယောက်မိပြီးမှ နောက်တနေရာမှာ နောက်ထပ်တယောက်ကို ထပ်မိတာ” လို့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရန်ကြီးအောင်တပ်စခန်းကို နိုဝင်ဘာ ၂၃ ရက် မနက်အစောပိုင်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့ကာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး၊ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တာပါ။

ရန်ကြီးအောင်စခန်းမှာ ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၅၀ ခန့် တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲအတွင်းသေဆုံးနဲ့ ဖမ်းဆီးရမိမှုဟာ ၃၀ ခန့်အထိ ရှိပြီဖြစ်ကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးကို ကျေးရွာတရွာရဲ့ စာသင်ကျောင်းတခုမှာထားရှိကာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲပြီးနောက် လက်ရှိအချိန်ထိ ကလေးတောင်ပိုင်းမှာ စစ်ရေးအခြေအနေ ငြိမ်သက်နေသလို ရန်ကြီးအောင်တပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးရမိထားသည့် ရန်ကြီးအောင်စခန်းတာဝန်ခံ ဗိုလ်မှူး သန်းနိုင်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ရန်ကြီးအောင်တပ်စခန်း #စခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #ဖမ်းဆီး ရမိ  #PDF #တိုက်ပွဲသတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10