ရိက္ခာထွက်ဝယ်တဲ့ တောပုရွာက ပျူစောထီး ၃ ဦး ကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်း

ရိက္ခာထွက်ဝယ်တဲ့ တောပုရွာက ပျူစောထီး ၃ ဦး ကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာက ပျူစောထီးတပ်သားတွေ ရိက္ခာသယ်ပြီးပြန်လာချိန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဖေဖော်ဝါရီ  ၂၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စောင့်ကြိုပစ်ခတ်ခဲ့လို့  ၃ ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် − ၇ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့ပေါ်ကနေ ဆိုင်ကယ် ၃ စီး နဲ့ ရိက္ခာသယ်ပြီးပြန်လာတဲ့ ပျူစောထီးတပ်သား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးကို မုံရွာ−မန္တလေးအမြန်လမ်းမကြီးဘေး တောပုပျူရွာအဝင်လမ်းခွဲ၊ တောပုဆိုင်းဘုတ်ဘေးအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ အမျိုးသား ၃ ဦးဟာ အဆိုပါနေရာမှာတင် သေဆုံးသွားပြီး အမျိုးသမီး ၁ ဦးက ဒဏ်ရာတွေနဲ့ တောပုရွာထဲကို ထွက်ပြေးလွတ် မြောက်သွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ အဲဒီပျူသေတွေကို မုံရွာ− မန်းလေး အမြန်လမ်း လယ်ကောင်မှာ သူတို့ဆိုင်ကယ်တွေနဲ့ ပေါင်းပြီး မီးရှို့ပေးခဲ့ပါတယ်” လို့  မုံရွာခရိုင်အမှတ် − ၇ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သူတို့တွေဆီကနေ ဆိုင်ကယ် ၃ စီး၊ ဖုန်း ၂ လုံး ၊ ပိုက်ဆံ ၄ သိန်းကျော်၊ ယူနီဖောင်း ၁ ထည် နဲ့ ရိက္ခာခြောက် များကို သိမ်းဆည်းရရှိခဲ့ပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)နဲ့ မုံရွာခရိုင်တပ်ရင်း(၄)၊ Special force-11၊ Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite (STF)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊Area-71၊ မုံရွာခရိုင်တပ်ရင်း(၂၁)တပ်ခွဲ(၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

အဲဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာ မုံရွာမြို့နယ် မြပုလဲဂိတ်နဲ့ ခင်မွန်ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံက စစ်ကောင်စီနဲ့ ပျုစောထီးတပ်ဖွဲ့တွေက စစ်ကြောင်း ၂ ကြောင်း နဲ့  မုံရွေး ၊ ကြေးမုံရွာဘက်ကို ဝိုင်းထားတယ်လို့လည်း သိရပါ တယ်။

တောပုရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ရွာနားနီးစပ် ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက်ကလည်း နဂါးတွင်းကျေးရွာက နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

 

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #တောပုရွာ #ပျူစောထီး #ရိက္ခာ #မုံရွာခရိုင်အမှတ်၇တပ်ရင်း #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10