ရိက္ခာပို့ပြန်လာတဲ့ စစ်ကောင်စီရေယာဥ် ၂ စီး တိုက်ခိုက်ခံရလို့ ထိခိုက်မှုတွေရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဆားလင်းကြီးမြို့ကို ရိက္ခာပို့၊ လူချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၄၊ Chindwin Attack Force ဆီက သိရပါတယ်။

အဲဒီရေယာဉ် ၂ စီးဟာ မုံရွာဆိပ်ကမ်းကနေထွက်လာတာဖြစ်ပြီး မုံရွာမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတရွာအရောက် နေ့လယ် ၁ နာရီခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပစ်ခတ်မှု ၁၀ မိနစ်လောက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

“အပြန်ကိုပစ်တာ အပြန်ကိုပစ်မှ အဆင်ပြေတာ။ အသွားကိုပစ်တယ်ဆိုရင် သူတို့ (စစ်ကောင်စီ)က အပြန်ကျတော့ ပြည်သူတွေကိုအရမ်းမဲတာ။ ထိခိုက်မှုကတော့ သေချာတော့မသိရသေးဘူး။ အနည်းနဲ့ အများတော့ရှိမှာပါ။” လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း၊ Chindwin Attack Force မှသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုညိုသူ (လက်ျာဘီးလူး)က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အဲ့ဒီရေယာဉ်ဟာ မုံရွာဘက်ကိုဆက်လက်မောင်းနှင်းသွားပြီး ရွာစဉ်တလျှောက်လုံးကို လက်နက်တွေနဲ့ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ရေယာဉ် ၂ စီးဟာ ပြည်သူတွေဆီကနေ ချောဆွဲလာတဲ့ ရေယာဉ် ၂ စီးဖြစ်နိုင်တယ်လို့လည်း ကိုညိုသူက ခန့်မှန်းပါတယ်။ 

ဒီပစ်ခတ်မှုကို  မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers People Defense Force၊ Fight For Freedom (F3) နဲ့  Chindwin Defence Force (CDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ ရက်ကလည်း မုံရွာကနေ ချောင်းဦးဘက်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီနောက် မအူစစ်ဆေးရေးဂိတ်ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ချင်းတွင်းမြစ် #စစ်ကောင်စီရေယာဉ် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10