ရိက္ခာပြတ်နေလို့ ရဲဘော်တွေကို တခြားအဖွဲ့တွေဆီ ခွဲပို့ထားရတဲ့ ချိုးငှက်ပြောက်ကျားအဖွဲ့ (ရုပ်/သံ)

ယင်းမာပင်ခရိုင်အတွင်းမှာ အခြေစိုက်ထားတဲ့ ချိုးငှက်ပြောက်ကျားအဖွဲ့ဟာ နွေဦးတော်လှန်ရေး အစပိုင်းကတည်းက စစ်ကောင်စီကို ဂျင်ကလိနဲ့ တိုက်ပွဲဝင်ခဲ့ကြတာပါ။  ပြည်သူတွေဘက်က ထောက်ပံ့အားတွေနဲ့ သူတို့အဖွဲ့ဟာ ဂျင်ကလိကနေ လက်လုပ်တူမီး၊ လက်လုပ်ကွန်ထရိုးသေနတ်၊ အဲ့ဒီနောက် သေနတ်အစစ်တွေပါ ကိုင်လာနိုင်ပြီး ယင်းမာပင်ခရိုင်နဲ့ ကနီနယ်တွေထဲမှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြရတာပါ။

ချိုးငှက်ပြောက်ကျားတပ်ဖွဲ့ဟာ အယောက် ၂၀ ဝန်းကျင်နဲ့ ဖွဲ့ထားပြီး အဲ့ဒီထဲမှာ အမျိုးသမီး ရဲဘော် ၇ ဦး ပါဝင်ပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်းမှာ သူတို့အဖွဲ့က တိုက်ပွဲပေါင်း ၁၀၀ ကျော်နဲ့ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၇၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ပြီး အဖွဲ့ကရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ 

တော်လှန်ရေးကာလ အစပိုင်းမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီတာတွေနဲ့ တပ်ဖွဲ့က ရပ်တည်လို့ အဆင်ပြေနေပေမယ့် တော်လှန်ရေး၂ နှစ်အလွန်မှာတော့ အကူအညီတွေ မရှိတော့တဲ့အတွက် တပ်ဖွဲ့ရပ်တည်ရေး အခက်အခဲတွေနဲ့ ကြုံလာကြရပါတယ်။ အခုဆိုရင် တပ်ဖွဲ့ရိက္ခာပြတ်လတ်နေတာ ၅ လကျော်လာပြီဖြစ်လို့ ရဲဘော်တွေ အပြင်မှာ အလုပ်ထွက်လုပ်နေကြသလို ရဲဘော်တချို့ကိုလည်း တခြားတပ်ဖွဲ့တွေဆီ ခွဲပို့ထားရတဲ့အခြေအနေအထိဖြစ်နေတာပါ။

လက်ရှိ ချိုးငှက်ပြောက်ကျားတပ်ဖွဲ့ဟာ ရိက္ခာအပြင် ကျည်၊ ခဲယမ်းတွေပါ မရှိသလောက်ဖြစ်နေတဲ့အတွက် တိုက်ပွဲတွေ ရပ်ထားရပေမယ့် တိုက်နေတဲ့ အဖွဲ့တွေအတွက် ထောက်ပို့တာဝန်တော့ လုပ်ပေးဖြစ်နေသေးတယ်လို့ဆိုပါတယ်။ အဖွဲ့က ရဲဘော်တချို့လည်း မိသားစုမပြေလည်လို့ အိမ်ပြန်တာတွေလည်းရှိပါတယ်။

ကူညီထောက်ပံ့တာတွေ မရှိတဲ့အချိန် ရဲဘော်တွေဟာ ထောက်ပို့လုပ်သူကလုပ်၊ အပြင်ထွက် အလုပ်လုပ်သူကလုပ်နဲ့ တကွဲတပြားဆီ ဖြစ်နေပေမယ့် သူတို့ရောက်တဲ့နေရာမှာ တိုက်ပွဲတွေအတွက် ကျည်တွေစုဆောင်းနေပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ အားသန်နေကြပါတယ်။

အင်တာဗျူး - အောင်စိုး

သတင်းနှင့်တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #အင်တာဗျူး #ချိုငှက်ပြောက်ကျား #ယင်းမာပင် #တော်လှန်ရေး #ရိက္ခာပြတ် #ထောက်ပို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10