ရိက္ခာဖူလုံဖို့ စိုက်ပျိုးမွေးမြူရေးတွေ လုပ်ကိုင်လာတဲ့ BMT တပ်ဖွဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း Budalin Mobile Team -BMT တပ်ဖွဲ့ဝင်တွေက တပ်ရိက္ခာအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ 

တပ်ရိက္ခာအဆင်ပြေဖို့အတွက် ဒေသခံမြေပိုင်ရှင်လယ်သမားတဦးက အခမဲ့ငှားရမ်းပေးထားတဲ့ မြေနေရာမှာ စိုက်ပျိုးခဲ့ကြတာပါ။

အဲ့ဒီမြေနေရာမှာ ဧရာမင်းမျိုးစပါးကို စက်တင်ဘာလ ဒုတိယပတ်အတွင်း စတင်စိုက်ပျိုးခဲ့ရာ စက်တင်ဘာ ၁၈ ရက်မှာ စိုက်ပျိုးပြီးစီးခဲ့တယ်လို့ BMT တပ်ဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က ပြောပါတယ်။

စိုက်ပျိုးမြေဧက ၅ ဧက မှာ စပါး ၃ ဧက၊ မြေပဲ ၁ ဧက၊ ပဲစဉ်းငုံ၊ ငရုတ်၊ ခရမ်း၊ ကန်းစွန်း၊ ချဥ်ပေါင်သီးနှံတွေ ၁ ဧကခန့်စိုက်ပျိုးထားပြီး ဝက် ၈ ကောင်လည်း မွေးမြူထားကြတယ်လို့ ဆိုပါတယ်။

ရိက္ခာအတွက် သီးနှံမျိုးစုံစိုက်ပျိုးရာမှာ တပ်ဖွဲ့ဝင်ရဲဘော်ရဲမေတွေနဲ့အတူ ဒေသခံပြည်သူတွေကလည်း စပါးပျိုးထောင်တာ မြေထွန်ယက်တာ ပျိုးနှုတ်တာ၊ စိုက်ပျိုးတာတွေကို ကူညီပံ့ပိုးပေးကြပါတယ်။ 

BMT ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်းရဲ့ စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို နောက်တန်းမှာ ကျန်ရှိတဲ့ ရဲဘော်တွေက အလှည့်ကျပြုစုစောင့်ရှောက် လုပ်ကိုင်နေကြတာပါ။

ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ပျိုးချိန်မှာလည်း စပါးစိုက်ပျိုးခဲ့ရာ တင်း ၈၀ ကျော်ထွက်ရှိခဲ့ပြီး ရိက္ခာအတွက် အထောက်အကူဖြစ်တဲ့အတွက် ယခုလို စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို တိုးချဲ့လုပ်ကိုင်ခဲ့တာလို့ BMT တပ်ဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က ပြောပြပါတယ်။

တည်းဖြတ် - HP

#မြေလတ်သတင်း

#စစ်ကိုင်း #ဘုတလင် #BMT #စပါး #စိုက်ပျိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10