ရိုးရာဓလေ့ မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါးတို့ပွဲကို ၂ နှစ်ဆက်ကျင်းပနိုင်ခဲ့ (ရုပ်/သံ)

ယောဒေသရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာမျှဝေခြင်းသင်္ကေတ သနပ်ခါးပါးတို့ပွဲနဲ့ မီးကြာလှည့်ပွဲကို နှစ်စဥ်သီတင်းကျွတ်အခါသမယမှာ ကျင်းပလေ့ရှိပါတယ်။

ဒီရိုးရာဓလေ့ပွဲဟာ ယောဒေသရဲ့ အထင်ကရပွဲတခုဖြစ်ပြီး သနပ်ခါးပါးတို့ပွဲဆိုတာနဲ့ ယောဒေသကိုပါ တွဲမြင်ကြသလိုမျိုး နှစ်ပေါင်းရာချီခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒါ့အပြင်ယောဒေသက လူတွေရဲ့ပါးစပ်ဖျားမှာတော့ သီတင်းကျွတ်ခါနီးတိုင်း"ဒီနှစ် မီးကြာလုပ်မှာလား"ဆိုတဲ့စကားကို ပြောဆိုမေးမြန်းကြတဲ့ အထိပါပဲ။

အခုနှစ် မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါးတို့ပွဲကိုတော့ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်းက ကြံခတ်ရွာမှာ ဗုဒ္ဓမြတ်စွာဘုရားကိုရည်စူးပြီး ဆီမီးထွန်းပူဇော်ပွဲနဲ့အတူ သီတင်းကျွတ်လဆန်း ၁၃ ရက်ကနေ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်အထိ ပြုလုပ်ခဲ့တာပါ။

မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါးတို့ပွဲ ပြုလုပ်ဖို့အတွက် သီတင်းကျွတ်လဆန်း ၈ ရက်ကစပြီး မျော၊ ဝါးနဲ့ သစ်တွေ ခုတ်ယူစုဆောင်းတာ၊ တခြားလိုအပ်တဲ့ပစ္စည်းတွေ မြို့ပေါ်မှာ ဝယ်ယူစုဆောင်းတာတွေ ပြုလုပ်ကြပါတယ်။

အဲဒီလို လိုအပ်တဲ့ပစ္စည်းဝယ်ယူစုဆောင်းရာမှာလည်း လူငယ်တွေက တဦးတယောက်ချင်းအလိုက် တတ်နိုင်တဲ့ငွေကြေးတွေ ထည့်ဝင်ပေးကြသလို လူငယ်တွေကဦးဆောင်လုပ်ကြတာလို့ ဒေသခံအမျိုးသမီး ၁ ဦးက ပြောပါတယ်။

ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းမှာ ရာဇမတ်ကာတာ၊ ဝင်္ကပါပြုလုပ်တာ၊ စံကျောင်းတော်ဆောက်လုပ်တာ၊ မီးကြာပုံဖော်တာတွေကို ရွာဦးကျောင်းဆရာတော်နဲ့ လူကြီးပိုင်းတွေရဲ့ လမ်းညွှန်ပြသမှုနဲ့ ဝိုင်းဝန်းလုပ်ဆောင်တယ်လို့ ဆိုပါတယ်။

အထင်ကရပွဲတွေကို ကိုဗစ်ဆိုးဝါးစွာဖြစ်ပွားခဲ့တဲ့ နှစ်တွေမှာပဲ ရပ်နားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းတာနဲ့အတူ နယ်မြေစိုးမိုးမှုရရှိလာချိန်မှာတော့ အရင်နှစ်ကစကာ အခုလိုမျိုး ပြန်လည်ကျင်းပသလို ပွဲတော်အသက်ဝင်လာအောင် အခမ်းအနားအပြည့်အစုံနဲ့ ကြိုးစားအားထုတ်လာကြပါတယ်။

မီးကြာလှည့်ပွဲကို တခြားကျေးရွာတွေကလည်း လာရောက်ပါဝင်ပျော်ရွှင်လေ့ရှိကြသလို ညစဥ် အကအလှ ဖျော်ဖြေရေးတွေလည်းပါဝင်ပြီး လပြည့်ကျော် ၁ ရက်အထိ ၄ ညတိုင်တိုင် ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ယော #မီးကြာလှည့်ပွဲ #သနပ်ခါးပါးတို့ပွဲ #သီတင်းကျွတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10