ရုပ်အလောင်းပြန်မရတဲ့ ကျဆုံးရဲဘော် ၂ ဦးအတွက် လွမ်းသူ့ပန်းခွေနဲ့ အမိန့်ပြန်တမ်းထုတ်(ရုပ်/သံ)

စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံး ဝင်ရောက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ပစ်ခတ်မှုမှာ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ Taw Twin Tup Pee Local တပ်ဖွဲ့ဆီက သိရပါတယ်။

လဝက ရုံးမှာတပ်စွဲထားတဲ့ စစ်စခန်းကို မေ ၂၁ ရက်က တိုက်ခိုက်ရာမှာ အသက် ၂၀ အရွယ်ရှိ ရဲဘော် မိုးတိမ်နဲ့ အသက် ၂၆ နှစ်အရွယ် ရဲဘော် ဆင်ပေါက်တို့ ၂ ဦး ကျဆုံးခဲ့ပြီး ရုပ်အလောင်းပြန်မရဘဲ စျာပနပြုလုပ်ခဲ့တာပါ။

တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ LPDF တပ်ဖွဲ့ဝင်တွေက လွမ်းသူပန်းခွေချအလေးပြုခဲ့သလို တပ်ဖွဲ့တာဝန်ရှိသူတဦးက အမိန့်ပြန်တမ်းဖတ်ကြားခဲ့တာဖြစ်ပါတယ်။

မေ ၂၁ ရက်၊ ညနေ ၄ နာရီကျော်မှာ CDM မလုပ်တဲ့ လဝကဝန်ထမ်းတွေနဲ့ အခွန်ရုံးဝန်ထမ်းတွေကို ရုံးအတွင်းဝင်ရောက်ဖမ်းဆီးပြီး ပြန်အထွက်မှာ စစ်ကောင်စီလှည့်ကင်းအဖွဲ့နဲ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်လို့ အခွန်အရာရှိ ၁ ဦးအပါအဝင် ဝန်ထမ်း ၄ ဦးသေဆုံးခဲ့သလို ဝန်ထမ်း ၆ ဦးကို Taw Twin Tup Pee Local တပ်ဖွဲ့က ထိန်းသိမ်းထားကာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး သက်ဆိုင်ရာကိုအပ်နှံသွားမယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား # LPDF # ကျဆုံးရဲဘော် #လွမ်းသူ့ပန်းခွေချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10