ရေကြီးနေတဲ့ရဲစခန်းဝန်းကို လှေစီးသွားတဲ့ရဲ လှေပေါ်ကပြုတ်ကျသေဆုံး

ရေကြီးနေတဲ့ရဲစခန်းဝန်းကို လှေစီးသွားတဲ့ရဲ လှေပေါ်ကပြုတ်ကျသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်အနောက်ဘက်က ရေမြုပ်နေတဲ့ ခမုံရဲစခန်းဝန်းထဲကို လှေနဲ့သွားတဲ့ ရဲတပ်သားတဦး လှေပေါ်ကပြုတ်ကျပြီး ရေနစ်သေဆုံးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ရေနစ်သေဆုံးသူမှာ လက်ပံတန်းမြို့နယ်၊ ခမုံရဲစခန်းက အသက် ၂၇ နှစ်အရွယ် ရဲတပ်သား ဟိန်းမျိုးကို ဖြစ်ပြီး ဇူလိုင် ၂၃ ရက် မနက် ၁၁ နာရီလောက်မှာ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သူကတယောက်တည်း လှေလှော်နေရင်း ပြုတ်ကျပြီး ရေနစ်သေတာ။ ရေအနက်က ၅ ပေ‌လောက်ရှိတယ်။ အဲဒီစခန်းက ချောက်ထဲမှာ ဆောက်ထားတာလေ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။ 

အဲဒီနေ့မှာပဲ ရဲတပ်သားရဲ့အလောင်းကို ဇာတိဖြစ်တဲ့ လက်ပံတန်းမြို့နယ်၊ ဆင်မနီရွာကို ပရဟိတအသင်းက စက်လှေနဲ့သယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ခမုံရဲစခန်းနဲ့ အဲဒီဝန်းကျင်ဒေသတွေကို ဇူလိုင် ၁၆ ရက်ကစတင်ကာ  မြစ်မခမြစ်ရေ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ 

လက်ပံတန်းမြို့နယ်၊ ခမုံရွာအနီးမှာနေထိုင်တဲ့ ဒေသခံတဦးကလည်း ခမုံရဲစခန်းထဲမှာ ရဲတဦး ရေနစ်သေတာ မှန်ကန်ကြောင်းနဲ့ အဲဒီရဲစခန်းမှာရဲအင်အား ၅ ဦးခန့်သာရှိပြီး စခန်းစောင့်ကျန်ခဲ့တဲ့ ရဲထဲက ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် ညနေကလည်း ပန်းတောင်းမြို့နယ်ထဲကို ဧရာဝတီမြစ်ရေဝင်ရောက်နေချိန် ဖရုံကာအုပ်စု၊ ကျောက်ဇကွဲရွာအနီး သူရဲတန်းချောင်းထဲမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတဦး ချောင်းကိုဖြတ်ကူးချိန် ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ ရဲအလောင်းကို သယ်ယူနေမှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #ရဲ #ရေနစ်သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10