ရေကြီးမြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့ သပြေပင်ရွာဒေသခံတွေအတွက် ရွာသစ်ပြန်တည်ပေးဖို့ မြေနေရာရှာဖွေနေ

ရေကြီးမြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့ သပြေပင်ရွာဒေသခံတွေအတွက် ရွာသစ်ပြန်တည်ပေးဖို့ မြေနေရာရှာဖွေနေ

စူပါတိုင်ဖုန်းမုန်တိုင်း ရာဂိဒဏ်ကြောင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာမှာ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အတွက် လက်ရှိမှာ ဒေသခံတွေအတွက် ရွာသစ်ပြန်တည်ဆောက်ဖို့ စီစဥ်နေကြတယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးဆီက သိရပါတယ်။ 

ပျက်စီးခဲ့တဲ့အိမ်တွေဟာ ကျေးရွာရဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေဖြစ်ပြီး လက်ရှိမှာတော့ ဒေသခံတွေက ရွာကုန်းမြင့်ပိုင်းမှာကျန်ခဲ့တဲ့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ယာယီ နေထိုင်နေကြကာ အဲ့ဒီဒေသခံတွေအတွက် ရွာသစ်ပြန်လည်တည်ဆောက်ပေးဖို့ မြေနေရာကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ 

“ရွာကတော့ နွံဖုံးပြီး မြေပြန့်လိုဖြစ်သွားပြီ။ ရွာအတွက် ပြန်လည်တည်ဆောက်ဖို့ရာ မြေကွက်အနေအထားက အကြီးအကဲတွေ စီစဉ်ထားပါတယ်။ ပြီးတော့ အဲ့မြေနေရာမှာ ပျက်စီးဆုံးရှုံးအိမ်တွေကို ပြန်လည် တည်ဆောက်ပေးဖို့ စီစဉ်နေတာ။” လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ရမည်သင်းမြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဒေသတွင်းအလှူရှင်တွေ၊ ပရဟိတအသင်းတွေက အဓိကစီစဥ်နေကာ ရံပုံငွေမလုံလောက်တဲ့အတွက် ဒေသခံနဲ့ပရဟိတအဖွဲ့တွေဟာ ရမည်းသင်းမြို့၊ ရွာတန်းဂိတ်အနီး ရွှေစည်းခုံရပ်ကွက်မှာလည်း ရွာကိုပြန်လည်ပြုပြင်မှုအတွက် အလှူခံဌာနတခုဖွင့်ပြီး အလှူငွေကောက်ခံတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၀ ရက်ည ၁၀ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာရာက ကျေးရွာအတွင်း ရေကြီးနစ်မြုပ်တာ၊ မြေပြိုတာတွေဖြစ်ခဲ့တဲ့အတွက် နေအိမ်ရာနဲ့ချီပျက်စီးပြီး ဒေသခံတွေလည်း သေဆုံးခဲ့ရတာပါ။ 

စက်တင်ဘာ ၂၅ ရက်ဒီနေ့အထိ ဒေသတွင်းပရဟိတအဖွဲ့တွေရဲ့ စာရင်းကောက်ယူမှုအရ သပြေပင်ကျေးရွာက အိမ်ခြေ ၂၅၀ ကျော်ပျက်စီးပြီး ဒေသခံ ၃၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိရေဘေးသင့်တွေကို ဒေသတွင်းအလှူရှင်တွေနဲ့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေက အဝတ်အထည်၊ စားစရာနဲ့ အလှူငွေတွေ နေ့တိုင်းလာရောက်ထောက်ပံ့နေကြတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၄၅၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ ကျော်နေထိုင်တဲ့ သပြေပင်ကျေးရွာဟာ ရမည်သင်းမြို့နဲ့ ၁၆ မိုင်ခန့်အကွာ သဲဖြူချောင်းနဲ့ ဆူးပုတ်ချောင်းဆုံတဲ့ဒေသမှာတည်ရှိကာ ဒေသခံအများစုက ရွှေတူးဖော်တာနဲ့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်တွေကို အဓိကလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ 

ပုံစာ - ရေကြီးနစ်မြုပ်ခဲ့သည့် သပြေပင်ရွာနှင့် သေဆုံးခဲ့ရသည့် ဒေသခံတချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ရမည်းသင်း #သပြေပင်ကျေးရွာ #ရေကြီးနစ်မြုပ် #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10