ရေကြီးမှုကြောင့် မြစ်သားနဲ့ဝမ်းတွင်းက စပါးနဲ့ကြက်သွန်စိုက်ဧက သောင်းနဲ့ချီပျက်စီးခဲ့ပြီး ဆုံးရှုံးမှုများလို့ ပြန်မစိုက်တော့ဟုဆို

ရေကြီးမှုကြောင့် မြစ်သားနဲ့ဝမ်းတွင်းက စပါးနဲ့ကြက်သွန်စိုက်ဧက သောင်းနဲ့ချီပျက်စီးခဲ့ပြီး ဆုံးရှုံးမှုများလို့ ပြန်မစိုက်တော့ဟုဆို

မန္တလေးတိုင်း၊ ဝမ်းတွင်းနဲ့မြစ်သားမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် စိုက်ပျိုးထားတဲ့ လယ်ယာမြေဧကအများအပြားပျက်စီးသွားခဲ့ပြီး  ပြန်လည်စိုက်ပျိုးနိုင်တာမရှိတော့ဘူးလို့ ဒေသတွင်းတောင်သူတွေထံက သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်းက ပျက်စီးလယ်မြေတွေမှာ ပြန်လည်စိုက်ပျိုးချိန်မမီတော့တာ၊ ရေမရတာ၊ မျိုးစေ့မရှိတာ၊ စိုက်ပျိုးစရိတ်မတတ်နိုင်တော့တာ၊ လယ်ယာမြေတွေပေါ်မှာ နုန်းအနည်တွေတင်ကျန်ရစ်တာနဲ့ နေအိမ်အပျက်အစီးတွေရှင်းလင်းနေရတာတွေကြောင့်လည်း ပြန်လည်မစိုက်ပျိူးနိုင်တော့တာလို့ ဆိုပါတယ်။

" ခုက ဘာမှမလုပ်နိုင်ကြသေးဘူး။ လူတွေက ကျွဲနွားတွေဆုံးရှုံးသွားတာ၊ အိမ်တွေမှာပျက်စီးနေတာတွေရယ်၊ သန့်ရှင်းရေးလုပ်နေတာနဲ့ဒါတွေနဲ့ပဲ လုံးခြာလည်နေတာ။ လယ်ပေါ်က ဘာမှမလုပ်နိုင်ကြသေးတာ။ ဒီအတိုင်းပဲ ပျက်တဲ့သူရော မပျက်တဲ့သူရော ဒီအတိုင်းထိုင်ကြည့်နေရတာ ရေမှမရှိတာ။ တစိတ်တပိုင်းလောက်ပျက်တဲ့သူတောင် မြေဩဇာကျွေးမရဖြစ်နေတာ" လို့ ဝမ်းတွင်းမြို့နယ်၊ ဆူးပန်းကျေးရွာ တောင်သူတဦးက ပြောပါတယ်။

ယခုရေကြီးမှူမှာ တောင်သူတဦးကို အနည်းဆုံးကျပ်သိန်း ၂၀၀ မှ ကျပ်သိန်းထောင်ချီအထိ ဆုံးရှုံးကြသူတွေရှိနေကာ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေပါ ပျက်စီး ဆုံးရှုံးကုန်လို့ ပြန်လည်ထူထောင်နိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

" ကျနော်ဆို ကြက်သွန် နှစ်ဧကခွဲစိုက်ထားတာ ဘာမှကိုမရတာ။ ပြန်တော့မစိုက်တော့ဘူး။ ပဲ စိုက်ဖို့ပဲ စောင့်ရတော့မယ်။ ခုလိုပျက်စီးသွားတော့ ထိခိုက်မှုတော့ရှိတာပေါ့။ ပြန်ရှာရတော့မှာပေါ့။ ငွေတိုးတွေယူပြီးလုပ်ရတာဆိုတော့ ဒီအတွက်လည်းအပူတွေရှိသေးတယ်"လို့ ဝမ်းတွင်းနယ်၊ ကြက်သွန်စိုက် တောင်သူတဦးက ပြောပါတယ်။

စမုံဆည်ကျိုးကျလို့ ရေကြီးခဲ့တဲ့ ဆူးပန်း၊ ရှမ်းရွာသစ်၊ မုံတော၊ မြေပုံ၊ ဥသျှစ်ကုန်း၊ ရိုးစုံ၊ သပြေသာ၊ သရက်ကန်အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က စပါးနဲ့ကြက်သွန်စိုက်ခင်းဧကသောင်းချီမှာ တစိတ် တပိုင်းပျက်စီးတာနဲ့ အလုံးစုံပျက်စီးတာတွေဖြစ်ပေါ်ခဲ့ပြီး အများစုကတော့လုံးဝပျက်စီးသွားကြတာလို့ ဆိုပါတယ်။

ရေပြန်ကျတာ ၂ ပတ်ကျော်ရှိလာပေမယ့် ယနေ့အချိန်ထိ တောင်သူတွေပျက်စီးသွားတဲ့လယ်ယာစာရင်းတွေကို စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာတွေဘက်က စာရင်းလာကောက်တာ၊ ကူညီထောက်ပံ့ တာတွေမျိုးမရှိသေးဘူးလို့ တောင်သူတွေကပြောပါတယ်။

ရေကြီးမှုကြောင့် လယ်ယာလုပ်ငန်းခွင်နဲ့ဆက်စပ်တဲ့ ကျွဲ၊ နွား ရာချီသေဆုံး၊ ပျောက်ဆုံးတာနဲ့ လယ်ထွန် စက်တွေအပါအဝင် စက်ပစ္စည်းတွေပျက်စီးမှုခဲ့တာအပြင် အိုးအိမ်ပျက်စီးတာ၊ မျိုးစေ့ ဝမ်းစာအတွက် သိုလှောင်ထားတဲ့ စပါး၊ နှမ်း၊ ပဲ၊ ကြက်သွန်စတဲ့သီးနှံအားလုံးပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။

အလားတူ မြစ်သာမြို့နယ်တွင်း ပန်းလောင်မြစ်ဘေးကျေးရွာတွေဖြစ်တဲ့ သမတန်း၊လက်ပန်ဆိပ်၊ ဥသျှစ်ကုန်း စတဲ့ကျေးရွာတွေမှာ ရေကြီးမှုကြောင့် စပါးစိုက်ပျိုးဧက ၃၀၀ ကျော်နဲ့ ကြက်သွန်စိုက်ပျိုးဧက ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို သမတန်ကျေးရွာ  တောင်သူတဦးထံက သိရပါတယ်။

" စပါးစိုက်ခင်းတွေရော ကြက်သွန်ခင်းတွေရောအကုန်ပျက်စီးကုန်တာ စပါးပြန်စိုက်လို့ ကမမှီတော့ဘူး လေ။ကြက်သွန်ကလည်းမျိုးပြန်ရှာရမှာမလွယ်လှဘူးလေ။ ရေပြန်ကျရင်တော့ စားဝတ်နေရေးအတွက် တော့ ကုလားပဲစိုက်ဖို့တော့ လုပ်ကမှာပဲ” လို့ သမတန်းကျေးရွာနေ  တောင်သူအမျိုးသမီးတဦးက ပြော ပါတယ်။

သမတန်း၊ လက်ပန်ဆိပ်၊ ဥသျှစ်ကုန်ကျေးရွာတွေဟာ ပန်းလောင်မြစ်ဘေးမှာတည်ရှိပြီး စပါး၊ကြက်သွန်၊ ငှက်ပျောတို့ကို အဓိက စိုက်ပျိုးကာ အသက် မွေးဝမ်းကြောင်းပြု နေထိုင်နေကြတာလို့ ဆိုပါတယ်။

မိုးများရေကြီးပြီး ပန်းလောင်မြစ်ရေ မြင့်တက်တာရယ်၊ ဒေသတွင်းကိုစိုက်ပျိုးရေ ပေးဝေနေတဲ့ ဒေသအခါ် ဆည်တော်ကြီးဆည်က ရေလွှတ်ချနေတာတွေကြောင့် စက်တင်ဘာ ၃၀ ရက် မနေ့ညနေပိုင်းအထိ အဆိုပါကျေးရွာတွေမှာ ရေ ၄ ပေအထက် နစ်မြုပ်နေသေးတယ်လို့လည်း သိရပါတယ်။

" ကျနော်ဆို စပါးကတဧကခွဲ ကြက်သွန်က ၃ဧကလောက်ပျက်စီးသွားပြီလေ။ ရေတက်ချိန်ကြာနေတော့ပျက်တော့တာပါပဲလေ။ ခုထိမှရေမကျတာ ဘာ ပြန်စိုက်ရမယ်ကို မသိသေးပါဘူး" လို့ သမတန်းရွာ နောက်ထပ်တောင်သူတဦးက ပြောပါတယ်။

အဆိုပါဒေသတွေမှာ မိုးစပါး ၁ ဧက စိုက်ပျိုးပါက ကုန်ကျစရိတ် ကျပ် ၁၀ သိန်းခန့်ကုန်ကျပြီး ကြက်သွန် ၁ ဧက မှာ ကုန်ကျစရိတ် ကျပ်သိန်း ၃၀ ကျော်အထိရှိတယ်လို့ တောင်သူတွေထံက သိရပါတယ်။

သမတန်း၊ လက်ပန်ဆိပ်၊ဥသျှစ်ကုန်း စတဲ့ကျေးရွာတောင်သူတွေကတော့ ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ပျိုးဧကတွေကိုတော့ စစ်ကောင်စီကို စာရင်းတင် ထားပြီး တောင်သူတွေအနေနဲ့  ထောက်ပံကြေးနဲ့ မျိုးစေ့တွေ အကူအညီများများရဖို့ မျှော်လင့်တယ်လို့လည်း ဆိုကြပါတယ်။

လက်ရှိမှာ ကျေးရွာတွင်းကရေမြုတ်နေတဲ့အိမ်အချိုက လူတွေကတော့ တာဘောင်ပေါ်မှာ ယာယီတဲထိုး နေထိုင်နေကြရပြီး တချို့မှာလည်း နေအိမ်တွေကို ပြန်လည်ပြုပြင်ကာနေထိုင်နေကြတယ်လို့ သိရပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့စက်တင်ဘာ ၁၀ ရက်ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတွေမြင့်တက်တာ ဒေသတွင်းဆည်တွေ ကျိုးကျတာနဲ့ ရေလွှတ်ချတာတွေကြောင့် မြစ်သားနဲ့ ဝမ်းတွင်းအပါအဝင် ကျောက်ဆည်ခရိုင်နဲ့ မိတ္ထီလာခရိုင်အတွင်းက မြို့နယ်တွေမှာ ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကာ လူနေအိမ်၊ ကျွဲနွားတိရစ္ဆာန်၊ စိုက်ပျိုးလယ်ယာမြေတွေ နစ်မြုပ်ကာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

# မြေလတ်အသံ

#မိတ္တီလာခရိုင် #ကျောက်ဆည်ခရိုင် #စမုံဆည် #ပန်းလောင်မြစ် #ရာဂီမုန်တိုင်း #သဘာဝဘေး #ရေကြီးရေလျှံမှု #စိုက်ပျိုးမြေပျက်စီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10