ရေစကြိုက မြို့မရဲစခန်းနဲ့နေရာအချို့ကို တိုက်ခိုက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းမလောက်လို့ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြို့မရဲစခန်းနဲ့ ပန်းခြံတို့ကို တိုက်ခိုက်စီးနင်း ဖျက်ဆီးနိုင်ခဲ့ပေမယ့် လက်နက်ခဲယမ်းမလုံလောက်လို့ ထိန်းမထားနိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီခွဲခန့်မှာ ရေစကြိုမြို့နယ်၊ နံ့သာဟေဝန်ပန်းခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ပန်းခြံအတွင်းမှာရှိတဲ့ စစ်ကောင်စီဘန်ကာတွေကိုဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး လက်နက်ခဲယမ်းမလုံလောက်လို့ စခန်းတွေကို မသိမ်းနိုင်ခဲ့ဘူးလို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကူလာတဲ့ ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံက စစ်ကောင်စီတပ်သားတွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကင်းပုန်းဝပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲ့ဒီနေ့ မနက် ၅ နာရီလောက်မှာပဲ ရေစကြိုမြို့နယ်က မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁ နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဘန်ကာတချို့ပြိုကျပျက်ဆီးသွားခဲ့သလို ရဲစခန်းအတွင်းက တပ်သားတချို့လည်းထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ရေစကြိုမြို့နယ်ထဲက တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ ၊ ၂၅၇၊ ၂၅၈ တပ် ၃ တပ်ကိုလည်း ၆၀ မမလက်နက်ကြီးတွေ နဲ့သွားရောက်ပစ်ခတ်ခဲ့သလို မောင်းသူမဲ့လေယာဉ်တွေနဲ့လည်း ၃ နာရီကြာ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉၊ နွေဦးစစ်သည် - YSO ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့ ပူးပေါင်းကာ အုပ်စု ၃ စုခွဲပြီး တိုက်ခိုက်ခဲ့ကြတာပါ။

ဒီနေ့မနက်မှာတော့ ရေစကြိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ကင်းပတ်နေသလို နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ နေ့မထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် -  ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #မကွေးတိုင်း #ရေစကြို #စစ်ကောင်စီ #ပကဖ #စခန်း #တိုက်ခိုက်စီးနင်း #လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10