ရေစကြိုနယ်က နေအိမ် ၂၃ လုံးကို စစ်အုပ်စုက မီးရှို့လို့ ပြာကျပျက်စီး(ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကိုရင့်ကျေးရွာက နေအိမ် ၂၃ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာရွာက ပျူစောထီးတွေ နဲ့ စစ်ကောင်စီတပ်သားတွေပူးပေါင်းပြီး အင်အား ၅၀ ဝန်းကျင်ဟာ ရွာနားနီးစပ်ဖြစ်တဲ့ ကိုရင့်ရွာထဲကို သြဂုတ် ၆ ရက် မနက် ၈ နာရီလောက်မှာ လက်နက်တွေပစ်ဖောက်ပြီး ဝင်ရောက်လာကာ ရွာလယ်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုရင့်ရွာဘက်ကို  ဟင်္သာရွာက ပျူစောထီးတွေဟာ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေတဲ့အတွက် ရွာထဲက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတာ ၁ ပတ်ခန့်ရှိပြီလို့  ကိုရင့်ရွာသားတဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကို မီးရှို့ပြီး မနက် ၁၀ နာရီလောက်မှာတော့ ဟင်္သာရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်ကလည်း စစ်ကောင်စီတပ်သားတွေ ကိုရင့်ရွာထဲကိုဝင်ရောက်ချိန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်သေးတယ်လို့လည်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကိုရင့်ရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီး ဟင်္သာရွာက ပျူစောထီးတွေဟာ မကြာခဏဆိုသလို ကိုရင့်ရွာဘက်ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10