ရေစကြိုမှာ စစ်အုပ်စုက ပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

ရေစကြိုမှာ စစ်အုပ်စုက ပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနဲ့ ဆင်ကြို့ရွာကို စစ်ကောင်စီစစ်ကြောင်းကဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ရွာခံပြည်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်မနက် ၆ နာရီကျော်မှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ သဲတောရွာ ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကြူရွာနဲ့ ဆင်ကြို့ရွာကို စီးနင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ရွာကို (ကြူရွာ) ဝင်ဝင်ချင်း သေနတ်တွေပစ်ဖောက်တယ်။ ပြေးတဲ့ပြည်သူတွေထဲက ၂ ယောက်ကို ပစ်သတ်တယ်။ ပြီးတော့ ၄၀ နဲ့ရမ်းသမ်းပစ်တော့ ခွေးတောက်ကုန်းဘုန်းကြီးကျောင်းထဲကျတယ်။ ဦးဇင်းက တံမြက်စည်းလှည်းနေချိန် လက်နက်ကြီးအစမှန်သွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရပြီး ကြူရွာဒေသခံ အသက် ၃၀ အရွယ်အမျိုးသား ၂ ဦးဟာ ရွာအနောက်ဘက်ရှိ ဘုရား ကုန်းပေါ်မှာ သေဆုံးခဲ့ပြီး လက်နက်ကြီးထိမှန်ထားတဲ့ သက်တော် ၄၀ ကျော် သံဃာမှာလည်း ရရှိဒဏ်ရာတွေကို ရေစကြိုမြို့ပေါ်ဆေးကုဖို့သွားချိန် လမ်းမှာပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။ 

ညနေ ၄ နာရီလောက်မှာတော့ ကြူရွာက ဒေသခံ ၁၅ ဦးနဲ့ ဆင်ကြို့ရွာက ဒေသခံ ၂၀ ဦးကျော်ကို စစ်ကြောင်းတွေက ဖမ်းဆီးသွားခဲ့ပြီးနောက် ၁၂ မိုင်ရွာအရောက်မှာတော့ အားလုံးကိုပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း ကြူရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ကျေးရွာက နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အသက် ၈၀ ကျော် အမျိုးသား ၁ ဦးလည်း မီးလောင် သေဆုံးခဲ့ပါသေးတယ်။ 

အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ကြူရွာနဲ့ ဆင်ကြို့ရွာကိုမဝင်ခင် နိုဝင်ဘာ ၂၁ ရက် မနက် ၅ နာရီလောက်မှာ သဲတောကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ကနေလည်း စစ်ကြောင်း ထိုးပစ်ခတ်ခဲ့ပါတယ်။ 

ဒါ့အပြင်သဲတောရွာနဲ့ တမိုင်ခန့်အကွာက မကွေးတိုင်းအခြေစိုက် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO စခန်းကို လည်း ဝင်ရောက်စီနင်းခဲ့ပြီး စခန်းထဲမှာရှိတဲ့ တဲ ၄ လုံးနဲ့ စားသောက်ကုန်တွေကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။ 

 

“စခန်းနားရောက်တော့ တိုက်မိုင်းတွေပေါက်မှ ကျနော်တို့ရှောင်ထွက်နိုင်ခဲ့တာပေါ့၊ စခန်းထဲက ရဲဘော်တွေသုံးတဲ့ ယူနီဖောင်း၊ စားနပ်ရိက္ခာအစရှိတာတွေ၊ အဲ့ဒါတွေတော့ ဆုံးရှုံးရတာပေါ့၊ စခန်းထဲမှာ တဲ ၄ လုံးရှိတာ ၄ လုံးလုံးကိုမီးရှို့သွားတာ၊ ပျက်စီးသွားတဲ့ တန်ဖိုးတွေက ငွေကြေးအားဖြင့် သိန်း ၁၀၀ ကျော်လောက် ဆုံးရှုံးသွားတယ် ” လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO မှ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အလားတူ သဲတောရွာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၃၀ ဝန်းကျင် ပျက်စီးခဲ့ကာ ထရမ်စမာနဲ့ လျှပ်စစ်မီးရုံးလည်းပျက်စီးခဲ့ကာ စစ်ကြောင်းဝင်ချိန် ပစ်ခတ်ခံရလို့ ဒေသခံ အမျိုးသမီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ 

ဒါ့အပြင် အမျိုးသား ၁ ဦးလည်းသေဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီဘက်ကပဲ မြေမြှုပ်သွားကြတယ်လို့ ဆိုပါတယ်။

“ သူတို့ မြေမြှုပ်သွားတဲ့အလောင်းကိုတော့ ကျနော်တို့ ခေါင်းအထိပဲဖော်နိုင်ခဲ့တယ်။ အနံ့အသက်တွေ မခံနိုင်လို့သူ့ရဲ့ မိသားစုတွေကလည်း သူဟုတ်မဟုတ်အတည်ပြုလို့ရတာ။ နဲ့ ပြန်ဖုံးခိုင်းတာနဲ့ ပြန်ဖုံးခဲ့ရတာ။ ကိုကျော်လင်းကို ဖမ်းမိတဲ့အချိန်မှာပဲ သတ်လိုက်တာလား ဒါမှမဟုတ် ဒဏ်ရာနဲ့ သေသွားလို့ မြှုပ်သွားခဲ့တာလားဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး ” သဲတောရွာ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ သဲတောရွာထဲမှာပဲ အထိုင်ချနေထိုင်ခဲ့ပြီး  ၂၄ ရက်မှာတော့ ကျောက်လှေခါး ဂိတ်စခန်းကိုပြန်ဆုတ်ကာ နိုဝင်ဘာ ၂၅ ရက်မှာတော့ ကြူရွာနဲ့ ဆင်ကြို့ရွာကို စစ်ကြောင်း ထိုးခဲ့တာပါ။ 

စစ်ကြောင်းဝင်လာလို့ ကြူကျေးရွာ၊ ဆင်ကြို့၊ မော့က္ကလံ၊ ပေါက်ကံရွာတွေက ဒေသခံ ၂၀၀၀ ဝန်းကျင် ထွက်ပြေးနေရပြီး ၁၂ မိုင်ကျေးရွာမှာ နိုဝင်ဘာ ၂၆ ရက်နေ့ညနေပိုင်းထိ စစ်ကောင်စီအဖွဲ့တွေ ရှိနေသေးတာကြောင့် ဒေသခံတွေလည်းကျေးရွာထဲကို ပြန်မဝင်ကြသေးဘူးလို့ သိရပါတယ်။ 

ပုံစာ - စစ်ရှောင်နေကြသည့် ကြူရွာဒေသခံများ။

ပုံစာ - စစ်တပ်မီးရှို့ခဲ့သည့် ကာကွယ်ရေးစခန်းနှင့် လေကြောင်းတိုက်ခိုက်ခံရသည့် သဲတောကျေးရွာ။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #လေ‌ကြောင်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10