ရေစကြိုမှာ ရိက္ခာလာပို့တဲ့ကား မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိ

ရေစကြိုမှာ ရိက္ခာလာပို့တဲ့ကား မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ရှိ စစ်ကောင်စီဂိတ်စခန်းကို ရိက္ခာလာပို့တဲ့ကား  ၂ စီး ဇူလိုင်လ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ Young Force UG တပ်ဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့ကထွက်လာတဲ့ ရိက္ခာတင်ယာဉ် ၂ စီး၊ ခြေလျင်အင်အား ၈၀ နီးပါးကို ရှင်မတောင်အတက်လမ်း တနေရာမှာ ကာကွယ်ရေးအဖွဲ့တွေက ပေပါမိုင်းအသေးစား ၆ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကား ၂ စီးလည်း ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“အရင်က တောင်ပေါ်မှာရိက္ခာပျက်လို့ရှိရင် တောင်အောက်ဆင်းပြီး အနီးနားရွာတွေဆီကနေ အဆင့်ဆင့်ယူကြတာ၊ ယူတဲ့အချိန်မှာလည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ ခဏခဏတိုက်ပွဲဖြစ်လို့ အခုဆို ရိက္ခာပို့မယ်ဆိုရင် သူတို့စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးနဲ့လာပို့နေရတာ။ ထိခိုက်တာတွေကတော့ မိုင်းဆွဲလိုက်တဲ့အချိန် စစ်***တွေလဲကျသွားတာတွေ တွေ့ရတယ်” လို့ Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံ ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး Young Force – UG က ပြောဆိုခဲ့ပေမယ့်လည်း မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။  

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ အဲဒီစစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရှင်မတောင်ပေါ် ကို ပြန်လည်ထွက်ခွာသွားတယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုကို Steel Hawk၊ ပခုက္ကူ ခရိုင်တပ်ရင်း ၁၇ တပ်ခွဲ (၃)၊ ပခုက္ကူခရိုင်တပ်ရင်း (၃)၊ MRTF၊ Shwe Darr Bo နဲ့ ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ (၂) Young Force (UG) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ဇူလိုင် ၂၆ ရက်ဒီနေ့မနက်မှာလည်း ရှင်မတောင်ပေါ်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ် မှုဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

Young Force – UG တပ်ဖွဲ့ဟာ ဇူလိုင် ၂၂ ရက်နဲ့  ၂၃ ရက်ကလည်း ပခုက္ကူ-ရေစကြိုကားလမ်းမပေါ်မှာ မိုင်းရှင်းလင်းရေးလာလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့နယ် #ရှင်မတောင် #စစ်ကောင်စီ #ရိက္ခာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10