ရေစကြို ရေလယ်ကျွန်းမှာ စစ်တပ်နဲ့ပျူတွေက ၄ ရက်ဆက်တိုက် မီးရှို့သတ်ဖြတ်လို့ ဒေသခံ ၆ ဦးသေဆုံး

ရေစကြို ရေလယ်ကျွန်းမှာ စစ်တပ်နဲ့ပျူတွေက ၄ ရက်ဆက်တိုက် မီးရှို့သတ်ဖြတ်လို့ ဒေသခံ ၆ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေကို မေလ၂၆ ရက်နေ့က စတင်ပြီး စစ်တပ်နဲ့ပျူတွေက ၄ ရက်ဆက်တိုက် မီးရှို့ဖျက်စီးတာ၊ ဒေသခံတွေကို ဖမ်းဆီးတာ၊ ပစ်သတ်တာတွေ လုပ်နေတယ်လို့ ရေလယ်ကျွန်းဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေဟာ ကျေးရွာတွေကိုဝင်ရောက်စဉ် သေနတ်ပစ်ဖောက်တာတွေ နဲ့ မသင်္ကာသူတွေကို ပစ်ခတ်တာကြောင့် မေလ ၂၆ ရက်နေ့မှာ မိဖုရားရွာက အသက် ၈၀ အရွယ်အဘွား ၁ ဦး၊ ၂၈ ရက်နေ့မှာ မဲကုန်းရွာ ၁ ဦး၊ ထန်းတောကြီးရွာ ၁ ဦး၊ ရေယှားရွာ ၁ ဦး၊ နန်းဦးရွာ ၂ ဦး၊ စုစုပေါင်း ရွာသူရွာသား ၆ ဦးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်က စစ်ကြောင်းတွေဝင်ရောက်ပါက ရွာတရွာကိုသာ ဖျက်ဆီးပြန်သွားကြပြီး အခုရက်ပိုင်းတွေမှာတော့ ရွာစဉ်လိုက်ကို မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လူထုကြားထဲမှာ ကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေနဲ့ လူထုအခက်အခဲကို ပိုများစေချင်တဲ့သဘောရှိတယ်။ ဝင်တဲ့ရွာတိုင်းကိုမီးရှို့တယ်။ ဒါကတော်လှန်ရေးအပေါ်မှာ ပြည်သူတွေ အားပေးနေတဲ့စိတ်တွေကို လျော့ရဲယိုင်နဲ့လာအောင် အဖွဲ့အစည်းတွေကြားမှာမညီညွတ်အောင် လုပ်နေတာဖြစ်တယ်"လို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသမှာ ကျေးရွာ ၅၀ ကျော်ရှိပြီး၊ စစ်ရှောင်ပြည်သူတွေနဲ့တွေ့တဲ့အခါမှာလည်း စစ်သားတွေက ပစ်သတ်တာအပြင် ဖမ်းဆီးတာ၊ ဓားစားခံအဖြစ်နဲ့ ခေါ်ဆောင်သွားတာတွေလည်း လုပ်နေတာကြောင့် ရှောင်ရှားနေကြရပြီး တိမ်းရှောင်နေရသူ အရေအတွက်နဲ့နေရာတွေကို အတိအကျမသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ရေလယ်ကျွန်းဒေသဟာ ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဆုံရာ ကြားနေရာမှာရှိတဲ့ ကျွန်းမြေဖြစ်လို့ ရွာစဉ်တလျှောက် စစ်ကြောင်းဝင်ရောက်ထိုးချိန်မှာ တခြားရွာတွေကို ရှောင်တိမ်းဖို့ခက်နေပြီး တောတွင်းနဲ့စိုက်ခင်းတွေထဲမှာ နေရတယ်လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ချင်းယာရွာ နေအိမ် ၆၅ လုံး၊ ညောင်မွှေးပင်ရွာ ၃၂ လုံး၊ မြေစွန်းရွာ ၁၃ လုံး၊ ကိုင်းရွာ ၃၅ လုံး၊ မိုးကွဲရွာ ၃၀ လုံး၊ လှေခုတ်ရွာ ၅၄ လုံး၊ ဆည်သည့်မြင်ရွာ ၁၈ လုံး၊ ဆင်တဲရွာ ၂၅ လုံး၊ နွယ်နီရွာ ၂၆ လုံးနဲ့ ဆေးပေးခန်းတခု ၊ မိုးဖြူရွာ ၁၀ လုံးနဲ့ ပဲမှော်စင် ၃ လုံး၊ နန်းဦးရွာမော်တော် ၁၅ စီး တို့ ပျက်စီးခဲ့တယ် လို့ ဒေသခံတဦးထံက သိရပါတယ်။

ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းနဲ့ မြင်းခြံဘက်က စစ်သားနဲ့ပျူတွေဟာ ရေလယ်ကျွန်းဒေသ ပျူရွာလို့ နာမည်ထွက်နေတဲ့ မင်းရွာမှာ တပ်စွဲထားပြီး ကျွန်းပေါ်မှာရှိနေတဲ့ တခြားရွာတွေကို မီးရှို့နေတာလို့ ဒေသခံတွေက ဆိုပါတယ်။


ယနေ့ မေလ ၂၉ ရက်နေ့ညနေပိုင်းအချိန်ထိ စစ်သားနဲ့ပျူတွေမပြန်သေးဘဲ၊ ရေလယ်ကျွန်းဒေသမှာရှိတဲ့ ကံဦးရွာ၊ တောင်ကုန်းရွာ၊ ဘိုကုန်းရွာ၊ ညောင်ပင်ရွာ တွေကို မီးထပ်ရှို့နေတယ်လို့ သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#မကွေး #ရေစကြို #ရေလယ်ကျွန်း #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #ပျူစောထီး #ချင်းတွင်း #ဧရာဝတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10