ရေစကြို၊ သာဂေါင်ရွာ ဗုံးကြဲခံရပြီး အမျိုးသား ၂ ဦးသေဆုံး

ရေစကြို၊ သာဂေါင်ရွာ ဗုံးကြဲခံရပြီး အမျိုးသား ၂ ဦးသေဆုံး

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးနဲ့ပြန်ကြားရေးတာဝန်ခံ ကိုထူးက ပြောပါတယ်။ 

တံတားဦးလေတပ်ဘက်ကလာတဲ့ Mi 35 ရဟတ်ယာဉ် ၁ စီးက ဇန်နဝါရီ ၁၆ ရက်မနက် ၁၂ နာရီ ၄၅ မိနစ်ခန့်မှာ သာဂေါင်ရွာတောင်ဘက်ကို ၁ ကြိမ်၊ ၁၂ နာရီ ၄၉ မိနစ်မှာ ရွာရဲ့အရှေ့တောင်ဘက်ကို ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ရွာသားတွေက ဟိုဘက်က ၁ လုံးအရင်ပစ်လိုက်တော့ လေယာဉ်သံလည်းကြားတော့ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ရိုးထဲအပြေး ရိုးထဲကိုမရောက်ဘဲ ကမ်းနဖူးဘေးမှာနေလိုက်တော့ ဗုံးကကမ်းနဖူးဘေးကိုကျသွားတဲ့အချိန် ဖြစ်သွားတာ။” လို့ ကိုထူးက ပြောပါတယ်။ 

ဗုံးစထိမှန်လို့ သာဂေါင်ရွာက အသက် ၁၆ နှစ်အရွယ် မောင်လွန်းလင်းကျော် ဦးခေါင်းထိမှန်သေဆုံးခဲ့ကာ ၅၅ နှစ်အရွယ် ဦးမောင်မြင့်ကတော့ ပေါင်ပြတ်ပြီး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် မောင်လွန်းလင်းကျော်ရဲ့မိခင် ဒေါ်မြရီ ၅၅ နှစ်မှာ ခါးကိုထိမှန်ပြီး ဦးမောင်မြင့်ရဲ့ သားဖြစ်သူ မောင်ဟိန်းထက်က နားထင်ထိမှန်ကာ အသက် ၁၆ နှစ်အရွယ် မတင်ဇာကျော်က ရင်ဘတ်မှာဒဏ်ရာရခဲ့ တယ်လို့ ကိုထူးက ဆက်ပြောပါတယ်။ 

သေဆုံးသူတွေကို ဇန်နဝါရီ ၁၆ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ သင်္ဂြိုဟ်ပေးလိုက်ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေကာ စိုးရိမ်ရတဲ့အခြေအနေမဟုတ်တော့ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် သာဂေါင်ရွာက ဒေသခံနေအိမ် ၃ လုံးပျက်စီးပြီး နွား ၂ ကောင်နဲ့ ဝက် ၁ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့သာဂေါင်ရွာဟာ လေကြောင်းတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒေသခံတွေ ရွာထဲမှာမနေရဲတဲ့အတွက် နီးစပ်ရာတော၊ တောင်တွေနဲ့ တခြားကျေးရွာတွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

အလားတူ ဇန်နဝါရီ ၁၆ ရက်ညပိုင်းမှာ စစ်ကိုင်းတိုင်းထဲက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့နဲ့ မော်လူးမြို့နယ်ထဲက ဟင်းနုရွာစည်ပင်ရုံးနဲ့ မော်လူးမြို့ထဲက မြမာလာရပ်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံးအရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #လေကြောင်း #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10