ရေစည်လှည်းတွန်း၊ အဝတ်လျှော်နေရတဲ့ တော်လှန်ရေးလက်တစုံ (ရုပ်ပုံလွှာ)

ရေစည်လှည်းတွန်း၊ အဝတ်လျှော်နေရတဲ့ တော်လှန်ရေးလက်တစုံ (ရုပ်ပုံလွှာ)

 

ရန်ကုန်မြို့ပြင်က ကျူးကျော်ရပ်ကွက်လေးတခုမှာ အိမ်ငှားနေတဲ့ မမိုးသက်လွင်*ဆီကို သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆီက အရေးတကြီး ဖုန်းဝင်လာပါတယ်။ 

“နင်မြန်မြန်ရွှေ့တော့၊ နင်နေတဲ့နေရာကို သူတို့ သိသွားပြီ” လို့ ခပ်သွက်သွက်ပြောပြီး ဖုန်းချသွားတယ်။ 

ကလေးမီးဖွားထားတာ ၆ လကျော်သာရှိသေးတဲ့ မမိုးသက်လွင်ဟာ အသက် ၁၂ နှစ်အရွယ် သမီးအကြီး၊ အသက် ၆ နှစ်အရွယ် သမီးအလတ်၊ အသက် ၇ လမပြည့်သေးတဲ့ သမီးအငယ်ဆုံးလေးနဲ့အတူ အမြန်ဆုံး ထွက်ပြေးသွားဖို့ ပြင်ဆင်ရပါတော့တယ်။ 

အလုပ်သွားနေတဲ့ခင်ပွန်းဖြစ်သူကို နောက်ကနေ လိုက်လာဖို့ ဖုန်းဆက်မှာကြားပြီး ဝါခေါင်လ မိုးသည်းသည်းမှာ ရန်ကုန်မြို့စွန် ကျူးကျော်အိမ်လေးကနေ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ထဲက ရွာလေးတရွာကို သားအမိတွေ ကားစီးပြီး ရေးကြီးသုတ်ပြာနဲ့  ပြေးရှောင်ပုန်းခဲ့ကြတယ်။

အဲဒီနေ့က မိုးမိတဲ့ဒဏ်တွေကြောင့် ကလေးတွေအားလုံး ဖျားခဲ့ရာမှာ အသက် ၇ လပင် မပြည့်သေးတဲ့ နို့စို့အရွယ် အငယ်ဆုံးသမီးလေးကတော့ အဖျားကြီးပြီး ရက်အပိုင်းအတွင်းမှာပဲ အသက်ဆုံးရှုံးလိုက်ရပါတယ်။ 

“အဲ့နေ့က မိုးမိတဲ့ဒဏ်နဲ့ ဖျားရင်း ဖျားရင်း ဆေးခန်းပြဖို့ ငွေကြေးလည်း မတတ်နိုင်တော့ အဖျားကြီးပြီး တက်တာ အသက်ပါ ပါသွားတယ်” လို့ မနှစ်က သူတို့သားအမိတွေ တိမ်းရှောင်ပြေးလွှားရင်း စိတ်နှလုံး ထိခိုက်စရာ သမီးအငယ်လေးဆုံးပါးသွားရပုံကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောင်းပြောပြပါတယ်။ 

သူကတော့ စစ်တပ်အာဏာသိမ်းမှုအစ ၂၀၂၁ ကတည်းက ဒီနေ့အချိန်အထိ CDM တယောက်အဖြစ် စိတ်အား ထက်သန်စွာ ပါဝင်နေဆဲဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတဦး ဖြစ်ပါတယ်။ 

မမိုးသက်လွင်ဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ စစ်အာဏာရှင်ယန္တယားထဲမှာ ဆက်ပြီး အလုပ် မလုပ်တော့ဖို့ ယတိပြတ် ဆုံးဖြတ်ခဲ့ပါတယ်။ 

ကျန်းမာရေးဝန်ထမ်း လုပ်သက် ၁၃ နှစ်ကို စွန့်လွှတ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ( Civil Disobedience Movement - CDM ) မှာ ပါဝင်ခဲ့ရတဲ့ အကြောင်းအရင်းကို သူက အခုလို ပြောပြပါတယ်။ 

“ကိုဗစ်ကူးမှာတောင်မကြောက်ဘဲ မဲရုံကိုသွားပြီး ကိုယ့်အသည်းထဲကလာတဲ့ မဲတပြားကို ထည့်ခဲ့တယ်။ ကျမတို့ထည့်ခဲ့တဲ့ မဲဆန္ဒအတိုင်း အပြတ်အသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ယောကျ်ားကြီးတွေက အမျိုးသမီး အမေအိုကြီးတယောက်ကို ယုတ်မာစွာနဲ့ ဖမ်းဆီးချုပ်နှောင်ပြီး အာဏာလုလိုက်တာကို ခံပြင်းတယ်။”

နောက်သက်တမ်းအတွက် ပြည်သူလူထုတရပ်လုံး မဲပေးရွေးချယ်ခံလိုက်တဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာလုယူလိုက်ပြီဆိုတာကို သိတဲ့နေ့မှာပဲ အထက်အရာရှိက “အရေးအခင်း ဖြစ်တော့မယ်၊ ဆေးစတိုကတော့ ပိတ်လို့မရဘူး။ အလုပ်ဆင်းချင်တဲ့သူ ဆင်း၊ မဆင်းချင်တဲ့သူ မဆင်းနဲ့။” လို့  သူတို့ဌာနက ဝန်ထမ်းတွေကို အသိပေးပါတယ်။ 

စစ်တပ်အာဏာသိမ်းတာကို တခါမှ မကြုံဖူး၊ မကြားဖူးတဲ့အတွေ့အကြုံဖြစ်တာကြောင့် ရုတ်တရက်မှာ တွေဝေသွားခဲ့ပေမယ့် သူဆက်လျှောက်မယ့်လမ်းကို သူပြတ်ပြတ်သားသားရွေးချယ်ခဲ့တယ်လို့ မမိုးသက်လွင်က ပြန်ပြောင်း ပြောပြပါတယ်။ 

အဖေရော၊ အမေပါ အစိုးရဝန်ထမ်း ပင်စင်စားတွေဖြစ်သလို မွေးချင်းမောင်နှမ ၅ ယောက်လုံးကလည်း အစိုးရဝန်ထမ်းတွေဖြစ်ကြတဲ့အတွက် သူ့ရဲ့ CDM လမ်းဟာ အစကတည်းက မချောမွေ့ခဲ့ဘူးလို့ ဆိုရမှာပါ။ 

“မောင်နှမတွေက တားတော့ အပြန်အလှန်တွေစကားများကြတယ်။ နင်တို့ရော ဘာလုပ်နေလဲ၊ နင်တို့ပါ လမ်းပေါ်ထွက်သင့်တယ်ဆိုပြီး ပြောပေမယ့် သူတို့ အလုပ်ဆက်ဆင်းခဲ့ကြတယ်။ ကျမကတော့ ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ဆက်လျှောက်ခဲ့တယ်။” လို့ သူက ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ တုန်းက သူ့မှာ အသက် ၉ နှစ်နဲ့ အသက် ၃ နှစ်အရွယ် သမီး ၂ ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက နယ်ဝေးမှာ အလုပ်လုပ်နေတာပါ။ 

ဖဲကြိုးကမ်ပိန်းတွေမှာ ပူးပေါင်းပါဝင်နေရင်းကနေ ပြည်သူလူထုတရပ်လုံး လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်ဆိုသလို အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အုံနဲ့ကျင်းနဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ မမိုးသက်လွင် တယောက်လည်း ပါဝင်ခဲ့တော့တယ်။

အထက်အရာရှိက ဒီလိုတွေဆက်မလုပ်ဖို့ ခေါ်ပြီးသတိပေးခဲ့ပေမယ့် သူ့ယုံကြည်ရာလမ်းကို ဆက်လျှောက် ရင်း ပေတရာလမ်းပေါ်မှာ စိတ်တူကိုယ်တူ၊ ဌာနမတူတဲ့ ပြည်သူ့ဝန်ထမ်းအမျိုးသမီး ၂ ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ 

ဒီလိုနဲ့ ရန်ကုန်မြို့လယ်ကောင် လမ်းမပေါင်းများစွာကို နေ့ရက်ပေါင်းများစွာ ဖြတ်လျှောက်ပြီးတဲ့နောက်မှာ အာဏာသိမ်းစစ်တပ်က ပစ်မိန့်တွေထုတ်ပြီး ပြည်သူကို သတ်ဖြတ်တဲ့အလုပ်တွေကို အဆက်မပြတ် ကျူးလွန်လာခဲ့ပါတယ်။ 

ကျည်အစစ်တွေနဲ့ သေနတ်တွေ ထိုးချိန်ထားတဲ့ ရဲတွေရဲ့ရှေ့မှာ ရှေ့ဆုံးကနေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မမိုးသက်လွင်တို့ ၃ ယောက်ဟာ ကြွေးကြော်နေရုံ၊ ဆန္ဒထုတ်ဖော်နေရုံနဲ့ မလုံလောက်တော့ဘူး၊ လက်နက်ကိုင်ပြီး တော်လှန်မှ ရတော့မယ်ဆိုတဲ့ အတွေးကို စိတ်တူ ကိုယ်တူ တွေးမိခဲ့ကြတယ်။ 

ဒါကြောင့် တောခိုပြီး လက်နက်ကိုင် တော်လှန်ဖို့ ၃ ယောက်သား ဆုံးဖြတ်ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ သူ့ရဲ့ လူမမယ် သမီး မိန်းကလေး ၂ ယောက်ကို ယုံကြည်စိတ်ချရတဲ့ ဆွေမျိုးသားချင်းတယောက်နဲ့ ထားခဲ့ပြီး ရန်ကုန်မြို့နဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့ စစ်ကိုင်းတိုင်းထဲက တောကြီးတခုထဲကို ခရီးနှင်ခဲ့ကြပါတော့တယ်။

အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူကလည်း သူ့ရဲ့ ရပ်တည်ချက်၊ ခံယူချက်နဲ့ သူလျှောက်လှမ်းတဲ့ ခရီးလမ်းကို အားပေးထောက်ခံခဲ့ပါတယ်။ 

ဒါကြောင့် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ရာကနေ အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဆားလင်းကြီးခရိုင်ထဲက PDF တပ်ရင်းတခုကို အွန်လိုင်းကနေတဆင့် ဆက်သွယ်ပြီး မမိုးသက်လွင်တို့ အမျိုးသမီး ၃ ယောက် သွားရောက်ခဲ့တာပါ။ 

“တောထဲကနေ အောင်ပွဲနဲ့ ထွက်ရင်ထွက်၊ မထွက်ရင် အသေထွက်မယ်ဆိုပြီး သံန္နိဌာန်ချခဲ့ကြတယ်”လို့ သူက ပြောပါတယ်။ 

တောထဲမှာ ဖြတ်သန်းရတဲ့ကာလတွေထဲက မမိုးသက်လွင်အတွက် အမှတ်တရအဖြစ်ဆုံးကတော့ တောနက်ထဲက ရာသီဥတုဒဏ်၊ ချမ်းချမ်းစီးစီးထဲမှာ ခြုံစောင်မလောက်လို့ အဖော်တွေနဲ့ စောင်ဆွဲလုခြုံခဲ့ရတာ၊ တနေကုန် စစ်ရေးလေ့ကျင့်တာတွေလုပ်ပြီး အိပ်မောကျနေကြချိန်မှာ ရန်သူလာကြောင်း သတိပေး ခရာရှည်မှုတ်သံကြောင့် ဝရုန်းသုန်းကားနဲ့ သတ်မှတ်စုရပ်ကို အရောက်ပြေးခဲ့ရတဲ့ ညတွေအကြောင်းပဲလို့ ဆိုပါတယ်။  

အဲဒီအမှတ်တရ ညတွေအကြောင်းကို ပြန်ပြောင်းပြောပြနေတဲ့ မမိုးသက်လွင်ရဲ့အသံမှာ အကြည်ဓာတ် ကလေးပါနေတယ်။ သူတကယ် နက်နက်ရှိုင်းရှိုင်း အမှတ်ရနေကြောင်း သူ့အသံ၊ သူ့လေယူလေသိမ်းမှာ အတိုင်းသားကြားနေရတယ်။ 

သူဟာ စစ်သင်တန်းတက်ချိန် တောထဲမှာ အစာရေစာငတ်မွတ်ဒဏ်ခံရတာ၊ လေ့ကျင့်ခန်းဆင်းရလို့ အမော မခံနိုင်ဘဲ နှလုံးအောင့်တာတွေကြောင့် နောက်ဆုံး အမောဖောက်ပြီး ရှေ့တန်းစစ်ပညာဆက်မသင်နိုင်တော့ဘဲ “ နောက်တန်းမှာ ရဲဘော်လေးတွေကို ဆေးကုပေးတဲ့အပိုင်းမှာ လုပ်ခဲ့တယ်” လို့ သူက ပြောပြပါတယ်။ 

တနေ့မှာတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ လျှောက်လှမ်းနေတဲ့ သူ့ခြေလှမ်းတွေကို ရပ်ရတော့မယ့်အခြေအနေကို ရောက်လာခဲ့ပါတော့တယ်။ 

ပြည်သူ့ဝန်ထမ်းတယောက်အနေနဲ့ မမိုးသက်လွင်ခံစားခွင့်ရခဲ့တဲ့ လိုင်းခန်းကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တာကြောင့် ကလေးတွေကို လက်ခံထိန်းပေးနေတဲ့ မိသားစုဝင်တွေလည်းကြောက်လန့်ခဲ့ကြပါတယ်။ ပြီးတော့ အဲဒီအိမ်မှာကျန်ရစ်ခဲ့တဲ့ သမီးလေးတွေကို ပြန်စောင့်ရှောက်ဖို့ တာဝန်က သူ့အပေါ်ကျရောက်လာပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာလည်း သူ့ဓာတ်ပုံကိုကပ်ပြီး ၅၀၅ ပုဒ်မနဲ့ သူ့ကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

“နင့်ကြောင့် ငါတို့အဖမ်း မခံနိုင်ဘူး၊ ကလေးတွေလာခေါ်ပြီး တနေရာကို သွားတော့လို့ မိသားစုက ကျမကို ပြောခဲ့တယ်” လို့ မမိုးသက်လွင်က လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အတွေ့အကြုံကို ပြောပြတယ်။ 

အဲဒါနဲ့ အတူတူတောခိုဖို့ ဆုံးဖြတ်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အလုပ်တာဝန်တွေကို ကျောခိုင်းထားခဲ့ပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်း အောက်မြန်မာပြည်ကို ပြန်ဆင်းခဲ့ရပါတော့တယ်။ 

“အမေ မရှိရင် ကလေးတွေကို (စစ်တပ်)လာဖမ်းမယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတဲ့အချိန်ဆိုတော့ ပြန်လာခဲ့ရတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။ 

သူရန်ကုန်ကိုပြန်ရောက်တဲ့အချိန်မှာ ခင်ပွန်းဖြစ်သူကလည်း ရပ်ဝေးမှာ အလုပ်လုပ်နေရာက ပြန်လာခဲ့ပြီး မိသားစုတွေအတူ မြို့ရဲ့ဆင်ခြေဖုံးမှာ နေထိုင်ခဲ့ကြတယ်။ သူ့ဆုံးဖြတ်ချက်တွေ မှန်ကန်တယ်ထင်ရင် ဆက်လုပ်ဖို့ ခင်ပွန်းက အားပေးခဲ့ပြီး အိမ်အတွက် ဝင်ငွေကို ခင်ပွန်းတယောက်တည်းကပဲ တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။ 

ရန်ကုန်မှာပဲ မွေး၊ ရန်ကုန်မှာပဲနေထိုင်းရင်း ဝန်ထမ်းလုပ်နေခဲ့တဲ့သူဟာ ရန်ကုန်မြို့ထဲကိုပဲ ပြန်ဝင်ပြီး မိသားစု နေထိုင်ရပ်တည်နိုင်ရေး ဝင်ငွေရအလုပ်တခုကို လုပ်ကိုင်ချင်ခဲ့ပေမယ့် ပုဒ်မ ၅၀၅ ထုတ်ခံထားရသူ တယောက်ဖြစ်တဲ့သူ့ကို မိသားစုဝင်တွေက “ရန်ကုန်(မြို့ထဲ)ကို တက်မလာနဲ့၊ နယ်ထိန်းက နင့်ကိုလိုက်ရှာနေတယ်၊ ဓာတ်ပုံတွေ ထုတ်ထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်” လို့ အကြိမ်ကြိမ်ဖုန်းဆက်ပြီး သတိပေးကြတယ်။ 

အဲဒီကာလတွေမှာ မမိုးသက်လွင်တယောက် အငယ်ဆုံးလေးကို မမျှော်လင့်ဘဲ ကိုယ်ဝန်ရခဲ့ပါတော့တယ်။ 

“လက်ထဲမှာ ကုန်းကောက်စရာငွေမရှိဘူး၊ ကလေးကို ဖျက်ချဖို့စဉ်းစားမိသေးတယ်။ အမျိုးသားက မဖျက်ချခိုင်းဘူး၊ တော်လှန်ရေးကလေးဆိုပြီး မွေးမယ်လို့ ပြောခဲ့တယ်။” လို့ မမိုးသက်လွင်က ပြောပြပါတယ်။ 

ကလေးမီးဖွားစရိတ်မတတ်နိုင်တဲ့အဆုံးမှာ သူဟာ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ အချိတ်အဆက်နဲ့ နယ်စပ်ဘက်က လှမ်းပို့ပေးတဲ့ မွေးစရိတ်အကူအညီနဲ့ ရန်ကုန်မြို့ထဲက အစိုးရဆေးရုံတခုမှာ အရဲစွန့်ကာ ကလေးမီးဖွားနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီ ၇ လသားအရွယ်ကလေးဟာ ၂၀၂၃ ဩဂုတ်လထဲမှာ သူတို့မိသားစု ဖျာပုံဘက်ကို တိမ်းရှောင်ဖို့ ထွက်ပြေးခဲ့တဲ့ ခရီးစဉ်မှာပဲ အဖျားဝင်ပြီး သေဆုံးသွားခဲ့ပါတယ်။ 

ကလေးငယ်အသည်းအသန်းဖျားတဲ့အခါ သူတို့မိသားစုတွေ ရန်ကုန်ကို ပြန်လာပြီး ပုဂ္ဂလိကဆေးရုံတခုမှာ ပြသခဲ့ပေမယ့် ဆေးရုံရောက်တဲ့အချိန်မှာပဲ ကလေးဟာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ 

သမီးအငယ်ဆုံးလေး သေဆုံးသွားပြီးနောက် သူတို့ဟာ ဖျာပုံကိုလည်း မပြန်တော့သလို ရန်ကုန်မှာအရင် နေထိုင်ခဲ့တဲ့နေရာကို မသွားတော့ဘဲ နောက်ထပ်ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးတခုမှာပဲ အိမ်ငှားပြီး နေလိုက်ကြပါတော့တယ်။ 

ကလေးဆုံးသွားတဲ့ နို့တိုက်မိခင်တယောက်အနေနဲ့ စိတ်သောကတွေများတာ၊ စားဝတ်နေရေး ကျပ်သထက် ကျပ်တည်းလာတာတွေ၊ သဘောထားမတိုက်ဆိုင်တော့တဲ့ ခင်ပွန်းဖြစ်သူရဲ့ ငြိုငြင် စကားလုံးတွေကြောင့် ရေထဲ ခုန်ချလိုက်ချင်စိတ်တွေ ဖြစ်ခဲ့ရတယ်လို့ မမိုးသက်လွင်က ပြောပါတယ်။ 

အဲဒီနောက်ပိုင်းမှာ အလုပ်အသစ်ရှာဖို့ အိမ်ကနေထွက်သွားတဲ့ ခင်ပွန်းဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး မမိုးသက်လွင်ဟာ သမီးအကြီး၊ အလတ်နဲ့အတူ ရန်ကုန်မြို့ပြင်က ကျူးကျော်ရပ်ကွက်မှာပဲ ဆက်လက်ဇာတ်မြှုပ်နေလိုက်ပါတော့တယ်။ 

ပြီးခဲ့တဲ့ နွေရာသီတလျှောက်လုံးမှာ သူဟာ ရေစည်လှည်းတွန်းပြီး အိမ်ငှားစရိတ်နဲ့ စားစရိတ်ကို ရှာဖွေခဲ့ တယ်။ 

အရင်တုန်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့ရတဲ့ သူဟာ အခုတော့ အသုတ်စုံ၊ တုတ်ထိုး၊ ခေါင်းရွက်ဗျပ်ထိုး အလုပ်မျိုးစုံကို လုပ်ခဲ့တယ်။ အခုလို မိုးရာသီမှာတော့ အိမ်တွေကိုလိုက်ပြီး အဝတ်လျှော်တယ်လို့ မမိုးသက်က မကွယ်မဝှက်တမ်း စကားဆိုပါတယ်။

“ဒီလောက်ထိ ဘဝက အမှောင်မကျဖူးဘူး” လို့ သူက သူ့ဘဝကို အဓိပ္ပါယ်ဖွင့်တယ်။ 

ပုဒ်မ ၅၀၅ ထုတ်ခံထားတရဲ့ CDM ဝန်ထမ်းတယောက်လည်းဖြစ်၊ နေ့စဉ်ပုံမှန် ဝင်ငွေမရှိဘဲ လက်လုပ် လက်စားအဖြစ် ရုန်းကန်နေရတဲ့အခါ အိမ်ငှားစာချုပ်ပြန်ချုုပ်ဖို့ အလျဉ်မီအောင် စီမံရတာဟာ သူ့အတွက် အကြီးမားဆုံး ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်လို့ သူက ရင်ဖွင့်ပါတယ်။ 

“အိမ်စပေါ်တင်ကာနီးဆိုရင် အတိုးနဲ့ချေးရတယ်။ သားအမိနှစ်ယောက် အဝတ်လျှော်ပြီး ပြန်ခွဲဆပ်တယ်။ အဝတ်မလျှော်ရတဲ့နေ့တွေဆိုရင် ရက်ကြေးအတိုး ပြန်မသွင်းနိုင်တာမျိုးတွေ ရှိတယ်။”လို့ မမိုးသက်လွင်က ပြောပြတယ်။ 

CDM လမ်းကြောင်းကို လျှောက်လှမ်းခဲ့လို့ ဘဝက ခက်ခဲကြမ်းတမ်းနေတဲ့အပေါ် နောင်တမရသလို၊ နောက်ပြန်လှည့်ဖို့လည်း မတွေးခဲ့ပေမယ့် ကလေးတွေ ကျောင်းတက်ခွင့်မရတဲ့အချက်ကိုတော့ စိတ်အထိခိုက်ဆုံးပဲလို့ သူက ပြောပါတယ်။ 

လက်ရှိမှာ အငယ်ဆုံးသမီးလေးဟာ ကျောင်းတက်ရတော့မယ့်အရွယ်ရောက်ပေမယ့် ဒီနေ့အထိ ကျောင်းမတက်ရသေးပါဘူး။ သမီးအကြီးကလည်း ကျောင်းတက်ရမယ်ဆိုရင် အဌမတန်းကျောင်းသူအရွယ်ဖြစ်ပေမယ့် ဒီနေ့အထိ သုံးတန်းအထိသာတက်ရပါသေးတယ်။ 

“ကလေးတွေက သူတို့ ဘယ်တော့ ကျောင်းတက်ရမလဲ မေးတယ်။ မေမေ လျှောက်နေတဲ့လမ်း အောင်မြင်တဲ့တနေ့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်တက်ရမှာပေါ့လို့ ပြန်ဖြေဖြစ်တယ်။ သူတို့က ဘာမှ မပြောရှာပါဘူး။” လို့ ကလေးတွေနဲ့ပတ်သက်တဲ့ အကြောင်းကို သူက ပြောပြတယ်။ 

ကလေးတွေကို စစ်အာဏာရှင်တွေဖွင့်တဲ့ကျောင်းမှာ မထားဘူးလို့ သူက ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကလေးတွေကို ပြင်ပကျူရှင်မထားပေးနိုင်တဲ့အခါ ရေစည်လှည်းတွန်းရင်း၊ အဝတ်လျှော်ရင်း တခါတရံ ငွေပိုရတဲ့ရက်မျိုးဆိုရင် သမီးငယ်လေးအတွက် ဝလုံးသင်တဲ့စာအုပ်လေးတွေ၊ ဖတ်စာအုပ်လေးတွေ ဝယ်ပေးပြီး ဖတ်ပြဖြစ်တယ်လို့ ဆိုပါတယ်။ 

Civil Disobedience Movement - CDM လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း အခက်အခဲမျိုးစုံကို တောင့်ခံလာခဲ့တဲ့ ၃ နှစ်တာကာလအတွင်း စီဒီအမ်နဲ့သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေဆီက ကူညီပံ့ပိုးငွေ ၁ သိန်း ၈ သောင်းကျပ်တိတိကို ၄ ကြိမ်ခွဲပြီး ရရှိခဲ့ဖူးတယ်လို့ မမိုးသက်က ပြောပါတယ်။ 

နို့စို့ကလေးငယ်နဲ့ သေကွဲခွဲလိုက်ရတဲ့အခြေအနေ၊ စားဝတ်နေရေးအတွက် ဖိစီးမှုမျိုးစုံ ကြုံနေရတဲ့အချိန်တွေမှာ CDM လုပ်သူတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေထံ အကူအညီတောင်းကြည့်ခဲ့ပေမယ့် နောက်ထပ် အကူအညီတွေ မရခဲ့ပါဘူး။ ဒါ့အပြင် သူ့မိသားစုရဲ့ အကူအညီအထောက်အပံ့ တစုံတရာကို လည်း မရခဲ့ဖူးဘူးလို့ သူက ဆိုပါတယ်။ 

လတ်တလော သူအဖြစ်ချင်ဆုံးဆန္ဒတခုက သမီးတွေကို ကျောင်းထားပေးနိုင်ဖို့နဲ့ မိခင်ကောင်းတယောက် ဖြစ်ဖို့ပါ။ 

ဒါပေမဲ့ သူ့မှာ ကျောင်းနေအရွယ်ရောက်နေပြီဖြစ်တဲ့ သမီး ၂ ယောက် ကျောင်းမထားနိုင်သေးတဲ့အဖြစ်ကို တွေးပြီး ငိုချလိုက်ရင်း အခုလိုပြောပြပါတယ်။ 

“အခုလို သူခိုး၊ ဂျပိုးပုံစံမျိုးနဲ့ မနေနိုင်တော့ဘူး။ တနေရာရာ ထွက်သွားပြီး အလုပ်တခုခု လုပ်ချင်တယ်။ သူတို့အတွက်ထောက်ပံ့ပေးနိုင်၊ ကျောင်းထားပေးနိုင်တဲ့ မိခင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားချင်တယ်။” 

*အမည်လွှဲ

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #အမျိုးသမီး #မိခင် #CDM #ကျန်းမာရေးဝန်ထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10