ရေဆက်တိုက်တက်နေတဲ့ တောင်ငူမှာ ဒေသခံတချို့ပိတ်မိပြီး အရေးပေါ်အကူညီလိုအပ်နေ

ရေဆက်တိုက်တက်နေတဲ့ တောင်ငူမှာ ဒေသခံတချို့ပိတ်မိပြီး အရေးပေါ်အကူညီလိုအပ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက ဒိုးအင်း၊ လေးအိမ်စု၊ စဉ့်အိုင်၊ ကျွန်းသာယာ စတဲ့ကျေးရွာတွေမှာ မြစ်ရေဆက်တိုက်မြင့်တက်လာနေကာ ကျေးရွာအတွင်းပိတ်မိနေတဲ့ ဒေသခံတချို့လည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၀ ရက် မိုးဆက်တိုက်ရွာခဲ့ချိန်ကတည်းက ဒိုးအင်းကျေးရွာသားတချို့နဲ့ အနီးဝန်းကျင်ရွာကဒေသခံတချို့ဟာ ဒိုးအင်းရွာဘုန်းကြီးကျောင်းကို သွားရောက်ခိုလှုံနေခဲ့ကြပြီး လက်ရှိမှာ သံဃာ ၁၀ ပါးနဲ့ ဒေသခံ ၉ ဦး ပိတ်မိနေတယ်လို့ ဆိုပါတယ်။  

“မနေ့က (စက်တင်ဘာ ၁၂) ညနေ ၄ နာရီနောက်ပိုင်းလောက်ကနေ တညလုံးနီးပါးပဲ ရေတက်လာတာ။ သွားလာလို့ မရတော့အောင် ဖြစ်သွားပြီ။ ဒိုးအင်းရွာထဲမှာလည်း လာကယ်မဲ့သူကမရှိ။ ကျနော် ညကတည်းက လိုက်ပြီးတော့ (ဖုန်း)ပတ်ဆက်နေတာ မနက်အထိပဲ။ ဘုန်းတော်ကြီးကျောင်းရဲ့ ဆင်းဆင်းချင်းမှာ လှေကား ၉ ထစ်ရှိတယ် အခု ၄ ထစ်ပဲ‌ပေါ်တော့တာ။ ” လို့ ဒိုးအင်းဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ စားသောက်ဖို့အတွက်လည်းအခက်အခဲဖြစ်နေပြီး ရေဆက်တက်လာရင် အန္တရာယ်ရှိနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

“အခုကျနော်တို့က ကူရာကယ်ရာမဲ့နေပြီ။ မနက်က ဘုန်းကြီးတွေလည်း ဆွမ်းငတ်တယ်။ နေ့ခင်းကကျတော့ ကျနော်တို့ ကြံဖန်ပြီးတော့ ဒီအပေါ်မှာပဲ ချက်လိုက်တယ်။” လို့ ဒိုးအင်းရွာဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒိုးအင်းရွာနဲ့ ၆ ဖာလုံလောက်ဝေးတဲ့ လေးအိမ်စုရွာမှာလည်း တရွာလုံးနီးပါးရေနစ်မြုပ်နေကာ အဲဒီရွာထဲက ဒေသခံ ၁၀ ‌ဦးလောက်လည်း အိမ်ထုတ်တန်းတွေပေါ်မှာနေနေရပြီး စဉ့်အိုင်၊ ကျွန်းသာယာကျေးရွာမှာ ပိတ်မိနေသူ တချို့ ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်ထိလည်း တောင်ငူမြို့နယ်က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်နေပေမယ့်  ရောက်ရှိလာခြင်းမရှိသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။  

အဲ့ဒီကျေးရွာတွေမှာ ၂၀၁၈ ခုနှစ်လောက်ကလည်း အခုလိုရေကြီးရေလျှံမှုဖြစ်ခဲ့ဖူးပေမယ့် အခုလောက် မဆိုးဝါးဘူးလို့လည်း ဆိုပါတယ်။ 

အလားတူ တောင်ငူမြို့နယ်အပြင် တောင်ငူခရိုင်အတွင်းက ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊ ထန်းတပင် စတဲ့မြို့နယ်တွေက ကျေးရွာရပ်ကွက်ပေါင်းရာချီ ရေကြီးရေလျှံဖြစ်ပေါ်နေပြီး လူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသတွင်းပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေကြီးရေလျှံ #ဒေသခံ #ပိတ်မိ #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10