ရေတာရှည်က စစ်တပ်သတင်းပေး တဦး ရှင်းလင်းခံရ
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တပ်သတင်းပေးသူ တဦးကို ရှင်းလင်းခဲ့တယ်လို့ People Defence Force - Yedesheက သတင်းထုတ်ပြန်ထားပါတယ်။
ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်အုပ်စု၊ ကရင်ချောင်ရွာက အသက် ၂၈ နှစ်အရွယ် ကိုလွင်မင်းဦး ဖြစ်ကာ စစ်ဆေးမေးမြန်းအပြီး မတ်လ ၂၈ ရက်နေ့လယ်က ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
"မင်းလွင်ဦးကို စစ်ဆေးပေါ်ပေါက်လို့ ရှင်းလင်းခဲ့တာပါ။ သူနဲ့အတူ ဖမ်းဆီးခဲ့တဲ့ ကရင်ချောင်းရွာသား ၂ ဦးကိုတော့ အမှုပေါ်ပေါက်မှု မရှိတာရယ် သတင်းပေးအလုပ် ဆက်မလုပ်တဲ့အပြင် ရွာသားတွေရဲ့အာမခံမှုနဲ့ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်" လို့ People Defence Force-Yedeshe အဖွဲ့က ပြောပါတယ်။
ကိုမင်းလွင်ဦးနဲ့အတူ ကရင်ချောင်းရွာသား အခြား၂ ဦးကို သူတို့ရွာရဲ့မြောက်ဘက်အထွက်မှာ မတ်လ ၂၇ ရက်ညနေ ၅ နာရီကျော်လောက်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အကြိမ်ကြိမ်သတိပေးမှုတွေရှိခဲ့ပေမယ့် လိုက်နာမှုမရှိတဲ့အပြင် မကွေးတိုင်းအတွင်းက PDF တဖွဲ့ လက်နက်သယ်တာကို သတင်းပေးခဲ့သလို တောင်ငူမြို့နယ် စစ်တောင်းမြစ်တလျောက်က ကျေးအင်းရွာ၊ ထုံးဘိုရွာ၊ ကရင်ချောင်းရွာ၊ ကျွဲရိုင်းပြင်ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးရာမှာ လမ်းပြလုပ်ဆောင်ခဲ့တာတွေကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်မနက်အစောပိုင်းက ရေတာရှည်မြို့နယ် ကျောက်အိုးရွာက PDF ထောက်ပံ့တဲ့မိသားစုကို တရွာတည်းနေ အသက် ၄၆ နှစ်အရွယ် ဦးကြည်နိုင်နဲ့ အသက် ၄၉ နှစ်အရွယ် ဦးမောင်နိုင်တို့ ၂ ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ပစ်ခတ်ခဲ့မှု စစ်ဆေးပေါ်ပေါက်တဲ့အတွက် မတ်လ ၂၄ ရက်က ရှင်းလင်းခဲ့ပါသေးတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share